သပိတ်ကျင်း၊ ဇွန် ၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇွန် ၅ ရက်ညနေ ၅ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါးပျံလွန်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်းကို ဗုံးသီး ၁ လုံးချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းမှာရှိနေတဲ့ သက်တော် ၆၇ နှစ်ရှိ သံဃာတော် ဦးအရိယ ပျံလွန်ပြီး အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့တာလို့ဆိုပါတယ်။


“ဆရာတော်က ကျောင်းထိုင်ဟုတ်၊ မဟုတ်မသိရပါဘူး။ ဒဏ်ရာရသူတွေက ဘုန်းကြီးကျောင်းထဲ နေထိုင်တာမဖြစ်နိုင်ဘူး။ ကျောင်းထဲမှာရှိနေချိန် အကြဲရတာပုံစံဖြစ်နိုင်တယ်”လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ကဗုံးလာကြဲခဲ့တာဖြစ်ပြီး ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းဝန်းရှိ ကျောင်းဆောင် ၁ ခုလုံး ပြိုကျပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။


အလားတူ ဇွန် ၃ ရက်မှာလည်း စဉ့်ကူးမြို့ပေါ် ရှိ မြသိန်းတန် ဘုရားနဲ့ဘုန်းကြီးကျောင်းကို တိုက်ခိုက်ရေး လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းဆောင် ၂ ခုပျက်စီးခဲ့တယ်လို့သိရပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ ဇွန် ၅ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ၎င်းတို့ရဲ့လက်အောက်ခံတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆,၇၇၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း – AAPP ရဲ့အစီရင်ခံစာအရသိရပါတယ်။
စာတည်း – လင်း