myaelatt athan

Sharing Information to the Local

ရခိုင်မှာ သွားလာခွင့်ကန့်သတ်ထားလို့ ရာသီပေါ်ကွမ်းသီး စျေးကောင်းမရ

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၂။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကြောင်းတွေကို လွတ်လပ်စွာ သွားလာခွင့်ကန့်သတ်ထားလို့ ရာသီပေါ်ကွမ်းသီးတွေ စျေးကောင်းမရရှိကြဘူးလို့ သိရပါတယ်။

အခု ၂၀၂၂ ခုနှစ် ရခိုင်ပြည်က ကွမ်းသီးစျေးနှုန်းမှာ ကွမ်းသီးအသစ်ခြောက်တမောင်း (၂၅ပိဿာ)ကို ၁၃၀၀၀၀ ကျပ်၊ ကွမ်းသီး အဟောင်းခြောက်တမောင်းကို ၁၁၀၀၀၀ ကျပ်အထိသာ ရှိနေကြတယ်လို့ မြောက်ဦးမြို့ နယ်၊ မြောင်းဘွေကျေးရွာမှ ကွမ်းသီးခြံလုပ်ကိုင်တဲ့ ဒေါ်မီမီဝင်းက ပြောပါတယ်။

“ကွမ်းသီးစျေးကောင်းရဖို့အတွက်က ကွမ်းစားရင် စားသလောက်ရကြပါတယ်။ ပြီးတော့ အခုက လမ်းကြောင်းတွေ မကောင်းဘူးလေ။ လမ်းတွေမှာ အစစ်အဆေးတွေများတယ်။ အဲဒါကြောင့် ကွမ်းသီးကုန်သည်တွေက များများစားစားမဝယ်ကြဘူး။ ဒါကြောင့်မလို့ ကွမ်းသီးစျေးမရဖြစ်နေတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အခုလို ကုန်းလမ်း၊ ရေလမ်းကြောင်းတွေကို ပိတ်ပင်စစ်ဆေးနေတာကြောင့် ကွမ်းသီးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့တာတွေ၊ ပြည်တွင်းမှာ တင်ပို့တာတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့မရရှိသေးဘူးလို့ မြောက်ဦးမြို့မှ ကွမ်းသီးအဝယ် ဒိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကွမ်းသီးစျေးမကောင်းတာ အဓိကအချက်ကတော့ ကုန်သွယ်မှု မလုပ်နိုင်သေးလို့ပါ။ ကုန်သွယ်လို့မရလို့ ဝယ်ယူသူတွေကများများစားစားမ ရှိကြဘူးလေ။ ဝယ်သူတွေများမှ စျေးကောင်းရတာပေါ့။ ကွမ်းသီးတွေကို ကျနော်တို့က ပြည်တွင်းက မြို့တွေကိုလည်း ပို့တယ်။ အဓိကတော့ ဘင်္ဂလားကို ပို့ပါတယ်” လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကွမ်းသီးပေါ်ချိန်မှာဆိုရင်လည်း ကွမ်းသီးတမောင်း (၂၅ပိဿာ) ကို ငွေ ၁၈၀၀၀၀ ကျပ်အထိ အများဆုံးစျေးကောင်းရရှိခဲ့တယ်လို့ ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

အခုနှစ်ရာသီမှာ ကွမ်းသီးစျေးကောင်းမရရှိလို့ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားအတွက် လုပ်ခလစာတွေကို မိမိတို့အိတ်ထဲကပဲ စစ်ထုတ်ပြီးတော့ ပေးနေရလို့ မြောက်ဦးမြို့ နယ်၊ လေးမြို့စားကျေးရွာမှ ကွမ်းသီးလုပ်ငန်းရှင် မမိုးသူဇာက ဆိုပါတယ်။

“ကျမတို့မှာက ကွမ်းသီးခူးဆွတ်စရိတ်တွေ၊ ကွမ်းသီးကို အခွံနွှာတဲ့စရိတ်တွေ ရှိပါတယ်။ အဲဒါတွေကို အလုပ်သမားတွေ ခေါ်ပြီးတော့လုပ်ရတာ။ အခုက ကွမ်းသီးဝယ်တဲ့သူလည်း သိပ်မရှိဘူး။ ရောင်းဖို့အတွက်ကလည်း စျေးမကောင်း ဖြစ်နေတယ်။ အလုပ်သမားစရိတ်ကိုတော့ ကိုယ့်အိတ်ထဲကပဲ ပေးနေရတယ်။ တွက်ခြေမကိုက်ဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလထဲမှာ ကွမ်းသီးအဟောင်းခြောက် တမောင်းကို ငွေ ၂၅၀၀၀၀ ကျပ်အထိ စျေးကောင်းရရှိခဲ့ပြီး ရခိုင်မှာအဲဒီလိုစျေးနှုန်းမရရှိတာဟာ ၃ နှစ်အထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။