myaelatt athan

Sharing Information to the Local

သမီးအဖမ်းခံလိုက်ရတဲ့ NLD ပဲခူးတိုင်းလဝကဝန်ကြီး စစ်ကောင်စီထံ လာအဖမ်းခံဟုဆို

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၈၊ ၂၀၂၂။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရလက်ထက်မှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးလုပ်ခဲ့သူ ဦးထွန်းထွန်းဦးဟာ စစ်ကောင်စီထံမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်များထံက သိရပါတယ်။

ယနေ့ ဒီဇင်ဘာလ ၈ ရက်မှာ ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ပြည်) ဆီကို သွားရောက်အဖမ်းခံခဲ့တာလို့ မြေပြင်ရင်းမြစ်ကဆိုပါတယ်။

“ဦးထွန်းထွန်းဦးသမီးကပြည်ပသွားဖို့ ပတ်(စ်)ပို့ သွားလုပ်တာ၊ အဲအချိန်မှာ သူ့သမီးကိုဖမ်းထိန်းသိမ်းထားလိုက်တာ။ သူ့သမီးက အဖေလာအဖမ်းခံပါဆိုလို့ လာအဖမ်းခံရင်း ဖမ်းဆီးခံလိုက်ရတာပါ” လို့ အမည်မဖော်လိုသူအမျိုးသားတဦးက ဆိုပါတယ်။

ဝန်ကြီးဟောင်းဦးထွန်းထွန်းဦးရဲ့သမီးဟာ ဖမ်းဆီးခံထားရတာ တပတ်ခန့်ကြာမြင့်ပြီလို့ နီးစပ်သူများထံက သိရပါတယ်။

“ကျနော်ကြားသိရသလောက်ကတော့ ပြည် ဒကစကိုသွားအဖမ်းခံတာ။ သူ့သမီးကို ဒကစထဲမှာဖမ်းထားတယ်။ သူ့လာအဖမ်းခံမှ သူ့သမီးကိုလွှတ်ပေးမယ်၊ ဦးထွန်းထွန်းဦးကိုလည်း တခြားပုဒ်မမတပ်ပါဘူး၊ ၅၀၅(က) ပဲတပ်ပါမယ်ဆိုပြီး စစ်တပ်ကခေါ်လို့သွားအဖမ်းခံတာပါ။ ဒါပဲကျနော်တို့ကြားသိရပါတယ်” လို့ မြေပြင်ရင်းမြစ်က မြေလတ်အသံကိုပြောပါတယ်။

အခုလိုအဖမ်းခံတဲ့အပေါ် မြေလတ်အသံအနေနဲ့ အခြားသတင်းရင်းမြစ်များကို မေးမြန်းနေဆဲသာဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံလိုက်ရခြင်းအပေါ် သိရတာမရှိဘူးလို့ ဆိုပါတယ်။

ဝန်ကြီးဟောင်းဦးထွန်းထွန်းဟာ ပေါင်းတည် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်မှာရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ပဲခူးတိုင်းအစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်နဲ့ စက်မှု၊ လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့ရာက ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်မှာပဲခူးတိုင်းလွှတ်တော်ကနေ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးအဖြစ် မဲခွဲအတည်ပြု ခန့်အပ်ခြင်းခံရသူဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးဟောင်းဦးထွန်းထွန်းဦးဟာ ယခင်က အထွေထွေးအုပ်ချုပ်ရေးဦးစီးဌာနမှာ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ဖူးသူတဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။