myaelatt athan

Sharing Information to the Local

အောင်လံမှာ ၅၀၅(က) နဲ့ ဝရမ်းထုတ်ထားတဲ့ သားဖြစ်သူကိုမတွေ့လို့ ဖခင်ကိုဖမ်းဆီးသွား

0
0

မကွေး၊ စက်တင်ဘာ ၂၄၊ ၂၀၂၂။

မကွေးတိုင်း၊ အောင်လံမြို့မှာ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူမြို့နယ်သပိတ်ခေါင်းဆောင် ကိုသူရနိုင်(ခ) ကိုမိုင်းဆပ် ကိုမတွေ့လို့ အသက် ၆၅ နှစ်ကျော်ဖခင်ဖြစ်သူ ဦးဝင်းနိုင်ကျော် ကို ဖမ်းဆီးသွားတယ်လို့ ကာယကံဖြစ်သူ ကိုသူရနိုင် ကမြေလတ်အသံကို ပြောပါတယ်။

ဦးဝင်းနိုင်ကျော်ကို စက်တင်ဘာလ ၂၃ ရက်နေ့က အောင်လံမြို့မဈေးကြီးရဲ့တောင်ဘက်ခြမ်း လမ်းမတော်လမ်း ကန်ကြီးရပ်ကွက်မှာရှိတဲ့ ဒေလီယာပရိဘောဂဆိုင်မှာ အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီး သွားခဲ့တာလို့ သားဖြစ်သူ ကိုသူရနိုင်က မြေလတ်အသံကိုပြောပါတယ်။

“ကျနော်ကပြေးနေရတာ၊ အိမ်နဲ့လည်းအဆက်အသွယ်မရဘူး၊ မနေ့ကတော့ကျနော့်မြို့ကသိရတာက ညနေ ၃ နာရီလောက်မှာ ကျနော်တို့မိသားစုပိုင်တဲ့ ဒေလီယာပရိဘောဂဆိုင်မှာ အဖေကပုံမှန်ထိုင်တယ်၊ မနေ့ကစစ်ကောင်စီအဖွဲ့တွေကအိမ်စီးကားနဲ့လာကြတယ်၊ လက်နက်တွေလည်းပါတယ်၊ အရပ်ဝတ်တွေနဲ့ပါ၊ မေးစရာရှိလို့လိုက်ခဲ့ပါအုံးဆိုပြီး အိမ်စီးကားပေါ်ကိုဆွဲတင်သွားတယ်၊ တင်သွားပြီးမောင်းထွက်သွားကြပါတယ်၊” လို့ ကိုသူရနိုင်က ဆိုပါတယ်။

ကိုသူရနိုင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်ကတည်းက ၅၀၅(က) နဲ့ အမှုဖွင့်ထားပြီး ဖမ်းဝရမ်းကိုလည်း နေအိမ်မှာကပ်ထားကြတယ်လို့ သိရပါတယ်။

“ကျနော်တဦးတယောက်ထဲနဲ့သက်ဆိုင်တဲ့ကိစ္စ၊ကျနော့်အသက်ကလည်း ၃၄ နှစ် အိမ်ခွဲနေတဲ့လူတယောက်ပါ၊ကျနော့်အဖေကနိုင်ငံရေးသမိုင်းကြောင်းဘာမှမရှိသလို ယခင်ကလည်း နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့လူမဟုတ်ဖူး၊ယခုလည်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့လူမဟုတ်ဖူး၊အင်မတန်ဥပဒေမဲ့တဲ့လုပ်ရပ်ကိုလုပ်တာပဲ၊ဘာမှမသက်ဆိုင်ဖူး၊သားသမီးကို ဖမ်းဝရမ်းထုတ်ထားတာနဲ့ဖအေကိုဖမ်းတယ်ဆိုတာက ဒါလူကြားလို့လည်းမကောင်းဘူး၊ ” လို့ ကိုသူရနိုင်က ဆက်ပြောပါတယ်။

လက်ရှိမှာ ဦးဝင်းနိုင်ကျော်ကို စစ်တပ်ထဲတွင် ဖမ်းဆီးထားပြီး သူ့မှာ သွေးတိုး၊ နှလုံး၊ အစာအိမ် ရောဂါတို့ ခံစားနေရသူဖြစ်လို့ ပါရဂူနဲ့ ပုံမှန် ဆေးသောက်နေရသူဖြစ်တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။