မြေလတ်အသံ၊ ဇွန် ၅၊ ၂၀၂၅။
စစ်ကောင်စီဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဇွန် ၁ ရက်ကစတင်ကာ လိုင်စင်မဲ့ယာဥ်တွေကို စစ်ကောင်စီတပ်ဖွဲ့၊ ယာဥ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးဖမ်းဆီးကာ ယာဥ်တွေကို သိမ်းဆည်းတဲ့အပြင် စီးနင်းသူကိုပါ ပို့ကုန်/သွင်းကုန် ပုဒ်မတပ်ပြီး တရားစွဲဆိုတာတွေလုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့မော်တော်ကားနဲ့ဆိုင်ကယ် စီးနင်းနေမှုတွေ၊ နံပါတ်ပြား၊ လိုင်စင်တွေအတုပြုလုပ်စီးနင်းနေမှုတွေကို တွေ့ရှိရတာကြောင့် ဖော်ထုတ်ဖမ်းဆီးဖို့ ပြောဆိုပြီးတဲ့နောက် အခုလို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
အဆိုပါ လိုင်စင်မဲ့ယာဥ်တွေဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းပြီးမှ မြို့ကြီးတွေကို ရောက်ရှိလာတာဖြစ်ပြီး ယင်းကဲ့သို့ဖြတ်သန်းလာစဥ်ကတည်းက ဖမ်းဆီးခြင်းမရှိဘဲ စီးနင်းသူတွေထံရောက်ရှိမှ ဖမ်းဆီးနေမှုကို ပြည်သူတွေအကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
ပဲခူးတိုင်းအတွင်းရောက်ရှိလာတဲ့ လိုင်စင်မဲ့မော်တော်ယာဥ်တွေဟာ နယ်စပ်ဒေသတွေက စစ်ကောင်စီစစ်ဆေးရေးဂိတ်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ရောက်ရှိလာတာဖြစ်လို့ ပြည်သူလက်ဝယ်ရောက်မှဖမ်းဆီးတာမျိုးက မဖြစ်သင့်ဘူးလို့ တောင်ငူမြို့ခံတဦးက ပြောပါတယ်။
” ဂိတ်ပေါင်းများစွာ အကုန်ပေးရတယ်။ အဲ့ဒီလိုပေးပြီး ဆင်းလာပြီးတော့မှာ မြို့ထဲမြေပြန့်ထဲရောက်မှ ဖမ်းတာမျိုးက မဖြစ်သင့်ဘူး။ အချို့ဆို ဟိုက်ဂျက်လေးတွေဝယ် စျေးခုံလေးတွေလုပ် ဟိုနေရာရောင်း ဒီနေရာရောင်းနဲ့ ဒီကာလက အကုန်ခက်ခဲနေတာ”လို့ အထက်ပါတောင်ငူဒေသခံက ဆက်ပြောပါတယ်။
စစ်ကောင်စီအဖွဲ့တွေက တောင်ငူမြို့မှာ လိုင်စင်မဲ့ယာဥ်စစ်ဆေးဖမ်းဆီးရာမှာ ဆိုင်ကယ်နဲ့ကားအရောင်းဆိုင်တွေကို ဟန်ပြလောက်သာစစ်ဆေးမှုများရှိနေပြီး အဆိုပါ ဆိုင်တွေမှာလည်း လိုင်စင်မဲ့ယာဥ်တွေ အများအပြားရှိနေတယ်လို့ဆိုပါတယ်။
“ဆိုင်တွေဝင်စစ်ပေမယ့် ကျနော်တို့က ရီ(ရယ်)ချင်တယ်။ ကျနော်က တောင်ငူသား ဘယ်သူဘာလဲ ဆိုတာသိတယ်။ ဆိုင်တွေဝင်စစ်တယ် အကုန်လုံးက လိုင်စင်တွေပါဆိုတော့ ရီချင်တယ်။ အကုန်လုံးကို လက်ညိုးထိုးပြလိုက်ချင်တယ်” လို့ ၎င်းက ပြောပါတယ်။
လိုင်စင်မဲ့ယာဥ်တွေကို ပြည်တွင်းမြို့ကြီးတွေကို ပို့ဆောင်နေမှုမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တာဝန်ရှိ သူတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး စစ်ဆေးရေးဂိတ်တွေကို ငွေကြေးပေးဆောင်ကာ ဖြတ်သန်းနေကြတယ်လို့ ကျိုက်ထိုမြို့၊ မရမ်းချောင်စစ်ဆေးရေးဂိတ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
” W (လိုင်စင်မဲ့) ကားတွေဖြတ်ရင် ရတခ( အရှေ့တောင်တိုင်းစစ်ဌာနချုပ်) G-3 ( စစ်ဦးစီးမှူး တတိယတန်း) ပြောပြီးသား၊ တပ်မ (၄၄ ) G3 ပြောပြီးသား အဲ့လိုမျိုး ဖြတ်နေကြတာ။ တပ်မ ၄၄ က နောက်တန်းက တော်တော်များများ အဲ့လမ်းကြောင်းနဲ့ပဲ ပိုက်ဆံရှာနေကြတာ။ အဲ့ကားတွေ ဒီတိုင်းကြီး ဘယ်ဂိတ်မှ ဖြတ်လို့မရဘူး။ ဂိတ်တွေမှာ သူ့နည်းသူ့ဟန်နဲ့ လမ်းကြောင်းရှင်းပြီးမှ ဖြတ်ရတာ” လို့ ၎င်းက ပြောပါတယ်။
အလားတူ မုံရွာမြို့မှာလည်း ဇွန် ၁ ရက်ကစတင်ကာ လူစည်ကားရာလမ်းဆုံတွေ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လိုင်စင်မဲ့ယာဥ်တွေကို စစ်ဆေးဖမ်းဆီးနေပြီး တန်ဖိုးကြီးကားတွေကို ပိုမိုပစ်မှတ်ထားစစ်ဆေးနေတယ်လို့ သိရပါတယ်။
” ကျတော်တို့မုံရွာမှာဆို ကားအကောင်းတွေကို ပိုပြီးတားစစ်တယ်။ လန့်ရိုဘာတို့ လက်စပ်တို့လိုဟာမျိုးဆို ပိုပြီးတားတယ်။ အဲ့လိုကားစီးနိုင်တဲ့သူက အသစ်ဘဲ ဝယ်စီးတာများတယ်။ တကယ်ဆို အဲ့လို(လိုင်စင်မဲ့) ကားတွေက ရန်ကုန်-မန္တလေးကနေတဆင့် မုံရွာကိုဝင်တာ ဖြတ်သန်းခဲ့တဲ့ စစ်ဂိတ်တွေဆို နည်းတာမဟုတ်ဘူး၊ အခုမှကောက်ဖမ်းနေတာကတော့ ဘဝင်မကျဘူး”လို့ မုံရွာမြို့ခံကားဝယ်/ရောင်းလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်လာတဲ့ လိုင်စင်မဲ့ယာဥ်တွေကို ပြည်သူတွေလက်ဝယ်ရောက်ရှိမှ ပြန်လည်ဖမ်းဆီးနေမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ဝေဖန်ရေးသားမှုတွေ မြင့်တက်နေတာပါ။
လက်ရှိမှာ လိုင်စင်မဲ့မော်တော်ယာဥ်စီးနင်းမှုတွေ့ရှိပါက ယာဥ်ကိုသိမ်းဆည်းပြီးနောက် လူကို ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ တရားစွဲပြီး သက်ဆိုင်ရာမြို့နယ်တရားရုံးကနေ နေ့ချင်း ထောင်ဒဏ် ၁ လချမှတ်တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ