myaelatt athan

Sharing Information to the Local

ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ် အလောင်းဖျောက်တဲ့ ရုပ်သံများပျံ့နှံ့ထွက်ပေါ်

0
0

စစ်ကိုင်း၊ စက်တင်ဘာ ၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန့်နန်းကျေးရွာမှာတပ်စွဲထားတဲ့ SNA တပ်မဟာ-၇၅၃ စိုင်းပြူးဦးဆောင်တဲ့အဖွဲ့ဟာ ဘုံလွန်လမ်းခွဲအနီးမှာ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့ ဗီဒီယိုမှတ်တမ်းတချို့ ပေါက်ကြားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်တမ်း ဗီဒီယိုပေါက်ကြားလာပြီးနောက် PDF ချင်းသတ်တာလို့ဝါဒတချို့ဖြန့်လာပေမယ့် သတ်ဖြတ်မှု video ထဲမှာပါတဲ့လူတွေ နောင်ခမ်းကျေးရွာနေထိုင်သူ ဘတင် (ခေါ်) အိုက်တုတ်( ပုဆိုးအစိမ်း အင်္ကျီအဖြူဝတ်ထားသူ) နဲ့ ရွာမတပ်ကုန်းနေထိုင်သူ အိုက်ပြုံး(ဗီဒီယိုရိုက်သူ) တို့ဟာ SNA တပ်သားတွေဖြစ်ကြောင်း ဟုမ္မလင်း PDF အဖွဲ့က အတည်ပြုပြောဆိုထားပါတယ်။

“သူတို့က ကားကျော်တက်ရင်လဲ ရိုက်သတ်ပါတယ်၊ တခြားလူမသိသူမသိ သေတာတွေလည်း မနည်းဘူး၊ ရွာထဲမှာ သူတို့ကိုလမ်းမဖယ်ရင် သေနတ်တွေဖောက်တယ်၊ အာဏာမသိမ်းခင်က ထိန်းထိန်းသိမ်းသိမ်းရှိတယ်၊ စကစနဲ့ပေါင်းပြီးကတည်းက စကစထက်ပိုရက်စက်ပြနေတာ၊ သခင်အားရကျွန်ပါးဝပေါ့ဗျာ၊ အဲ့ထဲမှာစိုင်းပြူးကတော့ ပိုဆိုးတာပေါ့၊ သူလည်း အာဏာရှင်စနစ်နဲ့သွားချင်တဲ့လူပဲလေ။” လို့ ဒေသခံတဦးက ပြောပါတယ်။

ဩဂုတ်လအတွင်း နန့်နန်းကျေးရွာအုပ်စုအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ အယောက် ၂၀ကျော်ရှိနေပြီး ဒေသအသီးသီးက ရွှေမျှောလာရောက်လုပ်ကိုင်သူတွေဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ‌ အတည်မပြုနိုင်ဘူးလို့လည်း SNA ရဲ့အတွင်းသတင်းတချို့ကနေသိရပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ ည ၇ နာရီဝန်းကျင်ကလည်း ဟွေဖလာကနေ နမ့်တော့ကျေးရွာကိုပြန်လာတဲ့ ကားဆရာကိုလင်းနဲ့ဇနီးဖြစ်သူတို့ မောင်းနှင်လာတဲ့ကားက စရဖက မုတ်ဆိတ်၊ SNA အရာရှိစိုင်းပြူးနဲ့ SNA ရဲဘော်တို့ရဲ့ကားကို ကျော်တက်မိလို့ဆိုပြီး ပစ်ခတ်ဖမ်းဆီးကာ ခေါင်းကိုသေနတ်ဒင်နဲ့ ဝိုင်းရိုက်ခဲ့လို့ ဟုမ္မလင်းကုတင် (၁၀၀)ဆေးရုံကြီးမှာ ကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စိုင်းပြူးဟာ ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က စစ်ထောက်လှမ်းရေးအဖွဲ့ဝင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွှန့်အဖမ်းခံရပြီးနောက် နန့်တောဘက်ကိုထွက်ပြေးလာကာ RCSS/SSA မှာ သင်တန်းတက်ပြီးနောက် SNA တပ်မဟာ ၇၅၃ မှာ အကိုအရင်းဖြစ်သူ စိုင်းထူးက တပ်မဟာမှူးဖြစ်လာကာ စိုင်းပြူးက ဒုတိယတပ်မဟာမှူး ဖြစ်လာခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။