စစ်တပ်က ဖမ်းသွားတဲ့ စစ်ရှောင်တဦး ရက်ပေါင်း ၅၀ကျော် ပျောက်ဆုံးနေ၍ မိသားစုအကြွေးတင်နေ

0 4
0 4

မြေလတ်အသံ၊ စက်တင်ဘာ ၁၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ အမျိုးသားတဦးမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက် ရက်ပေါင်း ၅၀ကျော်အထိ မိသားစုနှင့် အဆက်အသွယ် လုံးဝပြတ်တောက်နေသည်ဟု သိရသည်။

ယခုလို ဦးကျော်ဟိန်း ပျောက်ဆုံးနေ၍ ကျန်ရှိနေသည့် မိသားစု ၅ဦးမှာ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့သူများဆီက ချေးယူ သုံးစွဲနေရသဖြင့် လက်ရှိတွင် အကြွေး ၃သိန်း တင်နေပြီဟု ဇနီးဖြစ်သူဒေါ် အေးသန်းက ပြောသည်။

“ကျမမှာ သားသမီး ၄ယောက်ရှိပါတယ်။ အကြီးဆုံးသားကတော့ ဆယ်တန်းတက်နေပါတယ်။ သားလတ်ကတော့ ၆တန်း၊ သားငယ်ကတော့ ၁တန်းတက်နေပါတယ်။ သမီးအငယ်ဆုံးကတော့ ၄နှစ်ပဲရှိသေးတယ်။ ဒီလထဲမှာဆိုရင် သမီးလေး နေမကောင်းဖြစ်လို့ ဆေးခန်းပြရတယ်။ အကူအညီပေးမယ့် ဆွေမျိုးတွေလည်းမရှိဘူး။ သူများဆီကယူထားတဲ့အကြွေးကိုတောင် ဘယ်လိုပြန် ပေးရမလဲမသိတော့ဘူး”ဟု ဆိုသည်။

ဖမ်းဆီးခံရသူမှာ ဦးကျော်ဟိန်း(ဆေးဆရာ) ၃၉ နှစ် ဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် ဇူလိုင် ၁၉ရက် ညအချိန်တွင် မီးရ ထားစစ်ဘေးရှောင်စခန်းမှ ဆေးကု၍ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

မိသားစုများအနေဖြင့် ဦးကျော်ဟိန်းမှာ လက်ရှိ အချိန်ထိ အသက်ရှင်လျှက်ရှိ၊ မရှိဆိုသည်တခုတည်းကိုသာ သိခွင့်ရရှိလိုကြောင်း ဇနီးဖြစ်သူက စစ်ကောင်စီကို တောင်းဆိုထားသည်။

ဦးကျော်ဟိန်းမှာ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှဖြစ်ပြီး မိသားစုနှင့်အတူ ပြီးခဲ့သည့် ၂၀၁၉ခုနှစ်မှစတင်ကာ စစ်ဘေးရှောင်စခန်းတွင် လာရောက် ခိုလှုံနေသူဖြစ်သည်။

ယင်းအပြင် ဦးကျော်ဟိန်းမှာ ဆေးဆရာလုပ်ကာ မိသားစုကို လုပ်ကျွေးနေသူတစ်ဦးဖြစ်ပြီး မည်သည့် အဖွဲ့အစည်းနှင့်လည်း ဆက်စပ်မှုမရှိဟု သိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။