myaelatt athan

Sharing Information to the Local

စစ်တွေတွင် ဆင်းရဲချို့တဲ့သူများကို အခမဲ့ကုသပေးနေသည့် ဆေးခန်းတခု ဖောက်ထွင်းခံရ

0
0

မြေလတ်အသံ၊ သြဂုတ် ၁၂၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတွင် ဆေးခန်းဖွင့်ကာ ဆင်းရဲချို့တဲ့သူများကို အခမဲ့ကုသပေးနေသည့် ဆေးခန်းရှိ အလှူခံပုံးမှာ ဩဂုတ် ၁၁ ရက်ယမန်နေ့ညတွင် ဖောက်ထွင်းခံလိုက်ရသည်ဟု သိရသည်။

အဆိုပါ အလှူခံပုံးဖောက်ထွင်းခံလိုက်ရခြင်းကို ယနေ့ဩဂုတ် ၁၂ ရက် မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် သိရှိခဲ့ရခြင်းဖြစ်ပြီး ယင်းပုံးအတွင်းရှိ အလှူငွေများအားလုံးမှာလည်း တပြားတကျပ်မှမကျန်ရှိခဲ့ကြောင်း FREE CLINIC RAKHINE မှ တာဝန်ရှိသူ ကိုစည်သူအောင်က ပြောသည်။

“ဆေးခန်းမှာက လူမျိုး၊ဘာသာမခွဲခြားဘဲ ကုသပေးနေတာပါ။ အဓိကတော့ IDPစခန်းကလူတွေ၊ ဆင်းရဲသားတွေကိုပါ။ အခုခိုးခံလိုက်ရတဲ့ ငွေတွေကလည်း ဆေးခန်းပြလာတဲ့သူတွေက သူတို့တတ်နိုင်သလောက် လှူကြတဲ့အလှူငွေတွေပါ။ ဒီပုံးထဲမှာငွေကတော့ ၇သောင်း၊ရှစ်သောင်းလောက် ရှိမယ်လို့တော့ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ဒီပုံးကို လကုန်တဲ့အခါကျမှ ဖွင့်တာပါ။ ဖွင့်ပြီးတော့ ရတဲ့ငွေတွေကို ဆေးခန်းအတွက်ပြန်ပြီး အသုံးပြုပါတယ်၊”ဟု ဆိုသည်။

ယခုလို ဆေးခန်းရှိအလှူခံပုံး ဖောက်ထွင်းခံထားရသည့်အတွက် ဆေးခန်း၏ရှေ့ဆက်ကုသမှုပိုင်းတွင် အဟန့်အတားတခုဖြစ်စေပြီး၊ ဖောက်ထွင်မှုများဆက်လက် မဖြစ်ပွားနိုင်ရန်လည်း ဥပဒေစိုးမိုးမှုရှိ‌အောင် လုပ်ဆောင်သင့်သည်ဟု ကိုစည်သူအောင်က ဆိုသည်။

အဆိုပါ FREE CLINIC RAKHINE ဆေးခန်းကို ပြီးခဲ့သည့် ၂၀၂၁ ေခုနှစ် မေလ ၃ ရက်တွင် လူငယ်များစုပေါင်းကာ “လူသားတိုင်းသည် ကျန်းမာရေးစောင့်ရှောက်မှုရသင့်သည်” ဆိုသည့် ခံယူချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်တို့က ပရဟိတလို့လည်း မခံယူထားပါ။ မိမိတို့တတ်နိုင်သလောက် လူတွေကို ဆေးကုသမှုတွေ ရစေချင်လို့ လုပ်ထားတာပါ။ ဆရာဝန်၊ သူနာပြုတွေကိုလည်း အခငွေပေးပြီးငှားထားတာမဟုတ်ပါ။ သူတို့ကလည်း အခမဲ့လာကူပေးနေတာပါ၊”ဟု ကိုစည်သူအောင်က ဆိုသည်။

စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်တခု ဖြစ်ပြီး ခိုးမှု၊ လုယက်မှု၊လူသတ်မှုများနှင့် တရားဥပဒေစိုးမိုးမှုမရှိဆုံးဖြစ်သည့် မြို့တမြို့လည်းဖြစ်သည်ဟု မြို့ခံဒေသခံများကပြောဆိုကြသည်။

ယင်းကြောင့် မြို့ရှိတချို့ရပ်ကွက်များ၌ဆိုလျှင် ရပ်ကွက်အတွင်းကင်းရုံဆောက်ကာ ညစောင့်များကို အခငွေပေးပြီး ငှားရန်းထားရသည်ဟု သိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။