ပုလဲမှာ ၃ ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ကအင်အားသုံးဗုံးကြဲနေ

0 13
0 13

ပုလဲ၊ ဇွန် ၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ နယ်မြေရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က အင်အားသုံးဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်တိုက်ပွဲနဲ့နီးစပ်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းမှာအထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်ကို ဇွန် ၂ ရက်မနက် ၄ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန် ဇွန် ၃ ရက်နေ့လယ်ပိုင်းက ကန့်ဒေါင့်နဲ့ အင်မထီးကျေးရွာရဲ့ ၂ မိုင်ပတ်လည်တဝိုက်ကို လေကြောင်းကနေဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရွာထဲပစ်တာမဟုတ်၊ ကန့်ဒေါင့်ရဲစခန်းဝန်းကျင်အင်မထီးရွာဝန်းကျင်ကို ပစ်တာ။ တဖက်က အင်အားနည်းလို့ကျရှုံးတော့မှာထင်လို့ လေကြောင်းခေါ်တာပေါ့”လို့ မြေပြင်တိုက်ပွဲနဲ့ နီးစပ်တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အဲ့ဒီနေ့တရက်တည်းမှာတင် စစ်ကောင်စီတပ်က ဗုံးအလုံးရေ ၅၀ ကျော်ကြဲချခဲ့ပြီး စက်သေနတ်၊ လက်နက်ကြီးတွေနဲ့လည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ဘက်ကတော့အစုံပေါ့၊ စက်သေနတ်တွေ ၆၀ မမတွေနဲ့ ပြန်ပစ်တယ်။ အပြန်အလှန် ပစ်ခတ်နေကြတာပေါ့။ မနက်ခင်းကနေ တောက်လျှောက်ပစ်တာ။ နေ့လယ် ၂ နာရီခွဲမှာ Y12 နဲ့ ၁၀ ကြိမ်ဗုံးချ တယ်။ ကန့်ဒေါင့်ကို ၈ ကြိမ်၊ အင်မထီးကို ၂ ကြိမ်။ ၁၀ ကြိမ်ကို ၅၇ လုံးချတယ်”လို့ သူက ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွက် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုအခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၂ ရက်တိုက်ပွဲဖြစ်နေချိန်မှာ ကန့်ဒေါင့်ရွာနဲ့ ၆ မိုင်အကွာရှိ ပျူစောထီးအားကောင်းတဲ့ အင်မထီးရွာကနေထွက်လာတဲ့ အင်အား ၃၀ ပါစစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။

ကန့်ဒေါင့်နယ်မြေရဲစခန်းဟာ ရွာရဲ့အရှေ့ဘက်မှာရှိပြီး တိုက်ပွဲကြောင့် ကန့်ဒေါင့်ရွာနဲ့အနီးတဝိုက်ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် အရေးပေါ်တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဇွန် ၄ ရက်ဒီမနက်ပိုင်းမှာလည်းတိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထပ်မနည်းကြဲချနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလမှာလည်း ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဦးဆောင်တိုက်ခိုက်ခဲ့ပြီး ၁ နှစ်ကျော်ကြာ စစ်ရေးငြိမ်သက်နေပြီးမှ ယခုအခါပြန်လည်တိုက်ခိုက်နေတာလို့ မြေပြင်အခြေအနေကိုသိရှိသူတဦးဆီက သိရပါတယ်။

( Edit – ဒေသခံများ၏ လုံခြုံရေးအရ အချက်အလက်တချို့အား ပြန်လည်ဖြုတ်ချထားပါသည်။)

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။