ရခိုင်တွင် ၁ သောင်းကျပ်တန် ငွေစက္ကူအတုများဖမ်းဆီးရမိ၊ အသုံးပြုသူ ၃ ဦးကိုအမှုဖွင့်ထား

0 3
0 3

မြေလတ်အသံ၊ ဇူလိုင် ၁၃၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကုန်ဘောင်ကျေးရွာ‌နှင့် ပဒါကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံ ၃ ဦးထံမှ ၁ သောင်းကျပ်တန်ငွေစက္ကူအတု ၃၃‌၄ ရွက်ကို ဇူလှိုင် ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။

ဖမ်းဆီးရမိသည့်ငွေစက္ကူအတုများ၌ လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြစ်ကာ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီမီတာ တိုနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ရေး “ရခိုင်နေ့စဉ်”က ယနေ့ဇူလှိုင် ၁၃ ရက်နေ့တွင် ဖော်ပြထားသည်။

ငွေအတုအသုံးပြုကြသည့် ပဒါကျေးရွာမှ မာမာဝင်း (ဘ)ဦးကျော်ဇံ၊ (၃၉)နှစ်၊ ခင်သီတာလွင် (ဘ)ဦးညီသန်းလွင်နှင့် ကုန်ဘောင်ကျေးရွာမှ သန့်ဇင်ထွန်း(ဘ) ဦးထွန်းထွန်း၊ ၂၁နှစ်တို့ဖြစ်ကြသည်။

ကုန်ဘောင်ကျေးရွာမှ အမျိုးသားမှာ မီးချောင်းထိုးကျေးရွာအနီး၌ ငွေစက္ကူအတုများလဲလှယ်နေကြောင်း သတင်းအရ တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဖမ်းဆီးခဲ့ရာ ခဓ ၈၄၂၇ ၅၉၈/BS 8427598 နံပါတ်စဉ်ပါ ၁၀၀၀၀ ကျပ်တန် ၁၀၅ ရွက် (၁,၀၅၀,၀၀၀ ကျပ်) ဖမ်းဆီးမိခဲ့သည်။

ယင်းနောက် သန့်ဇင်ထွန်းအား စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းငွေစက္ကူအတုများအား Facebook Messenger မှတစ်ဆင့် ဆက်သွယ်၍ မာမာဝင်း၊ ခင်သီတာလွင်တို့နှင့်အတူ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းအနီး၌ ငွေစက္ကူအစစ် ၁၇ သိန်း ပေး၍ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၅၃၀၀၀၀၀ ကျပ် သွားရောက်ဝယ်ယူခဲ့ပြီး ပြန်လာစဉ် လမ်းခရီးတစ်လျှောက်၌ ငွေစက္ကူအတုများဖြင့် ဈေးဝယ်သုံးစွဲခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး ပဒါကျေးရွာမှ အမျိုးသမီး ၂ ဦးကို စစ်ဆေးခဲ့ရာ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၂၂၉ ရွက်နှင့်အတူထပ်မံဖမ်းဆီးမိခဲ့သည်ဟုဆိုသည်။

ငွေစက္ကူအတုနှင့်ပတ်သက်၍ ဖမ်းဆီးရမိတရားခံ ၃ ဦးအား တောင်ကုတ်မြို့မရဲစခန်းတွင် မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ ဧရာဝတီဘဏ်သို့လာရောက် ငွေလွဲသူတဦး ထံမှ ၁သောင်းတန်ငွေစက္ကူအတု ၃၅ ရွက်တွေ့ရှိခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။