myaelatt athan

Sharing Information to the Local

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းက အမျိုးသား ၂ ဦးကိုသတ်ပြီး ရွာသား ၁၆ ဦးကို ဖမ်းထား

စစ်ကြောင်းကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံသောင်းချီ ထွက်ပြေးနေရ

ကန့်ဘလူ၊ ဇွန် ၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာခံအမျိုးသား ၂ ဦးကိုသတ်ပြီး မိန်းကလေးငယ် ၃ ဦးအပါ ဒေသခံ ၁၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၃၁ ရက် မနက် ၉ နာရီကျော်မှာ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ကံကြီးကျေးရွာကို ၄ ဖွဲ့ခွဲ စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -(ကန့်ဘလူခရိုင်) တာဝန်ရှိသူအမျိုးသမီးက ပြောပါတယ်။

” စစ်ကြောင်းရွာကိုလာချိန်မှာ ထွက်ပြေးကြတာပေါ့။ စစ်ကြောင်းကရွာကိုဝင်တဲ့အခါ လေးဖက်လေးတန်ကနေပတ်ပြီးဝင်တာ အဲ့မှာတွေ့ပြီးအသတ်ခံရ၊ အဖမ်းခံရတာ” လို့ သူက ပြောပါတယ်။

ရွာကို စီးနင်းပြီးနောက် ကံကြီးရွာနေ ဦးသိန်းထွေး ၄၀ နှစ်၊ မောင်ဇေယျာထွန်း ၂၀ နှစ်တို့ကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ၎င်းတို့ရုပ်အလောင်းတွေကို စစ်ကြောင်းထွက်သွားချိန် ကျေးရွာအနောက်ဘက်ရှိ ကုန်းမြင့်တခုမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၇ နှစ်၊ ၈ နှစ်၊ ၁၂ နှစ်အရွယ်မိန်းကလေး ၃ ဦးအပါ ရွာခံ ၁၆ ဦးကို စစ်ကြောင်းနဲ့အတူဖမ်းခေါ်သွားပြီး ဒီကနေ့ ဇွန် ၃ ရက်မှာ ၎င်းစစ် ကြောင်းဟာ သင်တောကျေးရွာမှာ အထိုင်ချတပ်စွဲထားကာ ရွာသားတွေကို လက်ရှိအထိ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါအင်အား ၂၀၀ ခန့်ပါစစ်ကြောင်းဟာ မေ ၁၈ ရက်ကစလို့ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ ချပ်သင်းအထိုင်စခန်းတွေကနေ ထွက်ခွာလာကာ ကန့်ဘလူနယ်အတွင်းကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ယမန်နေ့ ဇွန် ၂ ရက်နေ့လယ် ၃နာရီကျော်မှာ နှောကုန်း၊ ဇီးကုန်း၊ ပေါက်တော စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာချိန် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် ကံကြီး၊ ဦးကင်းကြည်၊ ပေါက်ဆိန်ကုန်း၊ သင်တော၊ အလယ်ခုံ၊ လွင်ကြီး၊ ဇော်ချောင်း၊ အောက်တဲ၊ ဝက်သဲအင်း၊ တင်မော်၊ ညိုပင်ရှို၊ နှောကုန်း၊ ပေါက်ကုန်း၊ ဇီးကုန်းနဲ့ မိဿလင်ကုန်းစတဲ့ကျေးရွာတွေက ဒေသခံသောင်းချီထွက်ပြေးနေကြရပါတယ်။

ကန့်ဘလူမြို့နယ်မှာ မေ ၁၈ ရက်ကစလို့ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဒေသခံတွေမှာ ရာသီတုပ်ကွေးရောဂါတွေဖြစ်ပွားနေကာ ဆေးဝါး၊ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေအရေးပေါ် လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။