ပခုက္ကူ၊ ဇွန် ၂၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကုခရိုင်၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းရွာစစ်ကောင်စီဂိတ်ကိုပြောင်းလာတဲ့ ပြည်သူ့စစ်အဖွဲ့ကို ချုံခိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇွန် ၁ ရက် မနက် ၈ နာရီလောက်မှာ ဆင်မင်းရွာဂိတ်ကို ကား ၂ စီးနဲ့လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်အပါ ၈ ဦးကို ပခုက္ကူမြို့နယ်တနေရာမှာ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကား ၂ စီးနဲ့ အင်အား ၈ ဦးပါတယ်။ ပခုက္ကူမြို့နယ်ထဲမှာတိုက်တာ၊ တိုက်ပွဲကြာမြင့်ချိန် ၄၅ မိနစ် လောက်ကြာတယ်၊ ပြည်သူ့စစ် ၄ ဦးသေဆုံးတယ်။”လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ပြီးနောက် ပြည်သူ့စစ်တွေဆီက ပစ္စတို ၁ လက်၊ MA 3 ၁ လက်၊ G3 ကျည်ဘောက် ၉ ခု၊ MA3 ကျည်ဘောက် ၃ ခု၊ ပစ္စတိုကျည်ဘောက် ၄ ခု၊ လက်ကိုင်ဖုန်း၊ ငွေကျပ် ၃၁ သိန်း၊ ဓါးနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က ကား ၂ စီးကိုထားပြီးတော့ ထွက်ပြေးသွားတယ်၊ ကျနော်တို့က ပြည်သူ့စစ်ခေါင်းဆောင်ကို လက်နက်ချဖို့ပြောတာမှာ ထွန်းခန့်ဝင်းဆိုတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်က လက်နက်ချတယ်၊ အဲ့ဒါကို ကျော်စိုးနိုင်ဆိုတဲ့ ပြည်သူ့စစ်ခေါင်းဆောင်က လက်နက်ချလို့ဆိုပြီးတော့ သေနတ်နဲ့ ခြေထောက်ကိုလှမ်းပစ်တယ်၊ ကျနော်တို့ဘက်ကိုလည်းသူကပစ်တော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်”လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ပစ်ခတ်ပြီးနောက်ပိုင်း ၁ နာရီလောက်ကြာတော့ ပခုက္ကူမြို့ထဲကနေ လူနာတင်ယာဉ်တွေနဲ့ အလောင်းတွေလာသယ်ပြီး ဇွန် ၂ ရက်ဒီမနက်မှာတော့ ဆင်မင်းဂိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ လောက်ရောက်လာတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း ၁၆၊ ဗိုလ်ကလယ် တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဇွန် ၁ ရက်မနက်အစောပိုင်း ၃ နာရီလောက်မှာလည်း ပခုက္ကူမြို့၊ မြို့ရှောင်လမ်းရှိ ခရိုင်မီးသတ်ရုံးမှာတပ်စွဲထးတဲ့ စစ်ကောင်စီအဖွဲ့တွေကို တိုက်ခိုက်ခဲ့သေးတယ်လို့ Pakokku – Special Task Force ဆီကသိရပါတယ်။
ရဲနဲ့ပျူစောထီး ၂၀ ဦးဝန်းကျင်ရှိတဲ့ အဆိုပါခရိုင်မီးသတ်ရုံးကိုတိုက်ခိုက်ရာ နာရီဝက်ခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က ဂိတ်ဖွင့်ပြီး အသွားအလာပြည်သူတွေဆီက ဆက်ကြေးကောက်တယ်၊ ခလရ ၂၅၉ တပ်ရင်းကို ကာကင်းသဘောမျိုးနဲ့နေတာ၊ ကျနော်တို့က ဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းတာပါ၊ ၅ ဦးသေဆုံးပြီး ၇ ဦးလောက်ဒဏ်ရာရတယ်။”လို့ Pakokku – Special Task Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်း က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Pakokku – Special Task Force၊ Shwe Nyar Myae PDF၊ နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄၊ ပခုက္ကူ ပကဖ တပ်ရင်း ၁ တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်ကလည်း ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီးပြန်လာတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောင်သာရွာအနီးမှာ Pakokku – Special Task Force တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပါသေးတယ်။
စာတည်း – လင်း