myaelatt athan

Sharing Information to the Local

မင်းလှက စစ်သား သားသမီးတွေကို စစ်သင်တန်းတက်ခိုင်းပြီး၊ သေနတ်ပစ်နိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ ကင်းစောင့်နေရ

0
0

ပဲခူး၊ ဇွန် ၂၂၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်း (ခလရ ၁) စစ်ကောင်စီတပ်မှာ တပ်အင်အားမရှိလို့ စစ်မှုထမ်းဟောင်း အသက်ကြီးရွယ်အိုတွေကို ခေါ်ယူအလုပ်ပေးပြီး ကင်းစောင့်ခိုင်းနေတယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူရမှာ သေနတ်ပစ်ခတ်နိုင်ရေးကို အဓိကထားခေါ်ယူနေကာ ခြေထောက်တဖက်ပြတ်နေသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“သေနတ်ကို မ နိုင်ပြီးပစ်နိုင်သေးရင်ပြီးရောဆိုတာမျိုးခေါ်တာထင်တယ်။ အဘိုးကြီးတွေရော၊ ခြေတဖက်ပြတ်တွေရောပါတယ်။ သူတို့ကို လစာပေးထားတယ်လို့လည်း သိရတယ်။ ဘယ်လောက်ပေးလည်းတော့မသိဘူး” လို့ ခလရ ၁ နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တပ်တွင်းနေထိုင်တဲ့ အရွယ်ရောက်ပြီးသူ မိသားစုဝင်သားသမီးတွေကိုပါ စစ်သင်တန်းပေးကာ တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။

“ခလေးသေးသေးတွေလောက်ဘဲ မတက်ခိုင်းတာ၊ သေနတ် မ(သယ်)နိုင်တဲ့အရွယ်မျိုးလောက်ကနေစပြီး စစ်သင်တန်းတက်ခိုင်းတယ်။ ခလေးတွေကို​တော့ ကင်းစောင့်ခိုင်းတာမျိုးတော့ မတွေ့ဘူး။ စစ်သင်တန်းဘဲ သက်သက်တက်ခိုင်းတာမျိုးဖြစ်မယ်” လို့ သူက ဆက်လက်ပြောပါတယ်။

ခလရ ၁ တပ်ဟာ အင်းမအခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး လက်ရှိမှာ ခလရ ၁ တပ်အပါအဝင် တပ်မ ၆၆ တပ်မတခုလုံး ကရင်နီပြည်အတွင်းမှာ ကရင်နီတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ကရင်နီတိုက်ပွဲမှာဘဲ ခလရ ၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် တိုက်ပွဲအတွင်းသေဆုံးခဲ့ပြီးတော့ နောက်ပိုင်းတိုက် ပွဲတွေမှာလည်း ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ခလရ ၁ က စစ်ကောင်စီတပ်သားတွေအပြင် တပ်မ ၆၆ လက်အောက်ခံတပ်သားတွေလည်း ကရင်နီတပ်တွေဆီကို CDM ပြုလုပ်ဘက်ပြောင်းသွားတာ အများအပြားရှိနေတယ်လို့ ကရင်နီတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ပဲခူး(အနောက်ခြမ်း)ဒေသတွေဖြစ်တဲ့ ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်တွေမှာလည်း PDF တပ်ရင်းတွေ ဖွဲ့စည်းပြီး စစ်ကောင်စီရဲ့စစ်ရေးပစ်မှတ်နဲ့ အုပ်ချုပ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှုများလာတာကြောင့် စစ်ကောင်စီဘက်က နောက်ချန်အင်အားနည်းပါးတဲ့ တပ်ရင်းတွေမှာ အခုလိုပြင်ဆင်လာတာမျိုးဖြစ်တယ်လို့ CDM တပ်မတော်သားဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။