myaelatt athan

Sharing Information to the Local

ဗိုလ်လုပွဲမှာ ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီ (အားကစားသတင်း)

0 7
0 7

မြေလတ်အသံ၊ ဇွန် ၁၊ ၂၀၂၅။

ယနေ့မနက်ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းက အင်တာမီလန်အသင်းကို ၅ ဂိုး ဂိုးမရှိရလဒ်နဲ့ ဂိုးပြတ်အနိုင်ရယူပြီး ပီအက်စ်ဂျီအသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို မြူးနစ်မြို့မှာ ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရှုံးထွက်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ အက်စတွန်ဗီလာနဲ့ အာဆင်နယ်တို့ကို ကျော်ဖြတ်ခဲ့ပေမယ့် သိသိသာသာ ကောင်းမွန်တဲ့ခြေစွမ်းမျိုး မပြနိုင်ခဲ့တဲ့ ပီအက်စ်ဂျီဟာ ဗိုလ်လုပွဲမှာတော့ တပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာ၊ ဂိုးအသာနဲ့ အပြတ်အသတ်အနိုင်ရခဲ့ပြီး ဒီရလဒ်ဟာ ချန်ပီယံလိဂ်လို့ အမည်ပြောင်းလဲကျင်းပခဲ့တဲ့နောက်ပိုင်း ဂိုးကွာဟမှုအများဆုံး ဗိုလ်လုပွဲပါ။

ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ဆီမီးဖိုင်နယ်မှာ ဗိုလ်စွဲဖို့ရေပန်းစားခဲ့တဲ့ ဘာစီလိုနာတို့ကို ခက်ခက်ခဲခဲ ကျော်ဖြတ်လာခဲ့ရတဲ့ အင်တာမီလန်အသင်းအနေနဲ့ ဗိုလ်လုပွဲမှာလည်း ခြေစွမ်းကောင်းတွေပြသလာနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ ကစားကွက်အောက်မှာ အတုန်းအရုန်းဖြစ်ခဲ့ရပြီး ကစားကွက်တောင်မတည်နိုင်ဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရတာပါ။

ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ နှစ်ပေါင်းအတော်ကြာ ကြိုးစားနေခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ နေမာ၊ မက်ဆီနဲ့ အမ်ဘာပေတို့ရှိစဉ်က မရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ဒီနှစ် နည်းပြ လူးဝစ်အင်းနရစ် လက်ထက်မှာတော့ ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြ အင်းနရစ်က ဒီရာသီ ဖလား ၃ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။