myaelatt athan

Sharing Information to the Local

ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ ၂၄နာရီ မပြည့်ခင် စစ်ကောင်စီပြန်ဖမ်း

0
0

ပဲခူး၊ ဇွန် ၇၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီး ပြန်လွတ်လာသူ တဦးကို ၂၄ နာရီမပြည့်ခင် ဇွန်လ ၆ ရက် မနေ့နေ့လယ်က ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။

ကုသိုလ်ဖြစ်ဆေးခန်းရဲ့ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဇော်လွင်ကို ဇွန်လ ၄ ရက်နေ့ညနေက ဖမ်းဆီးပြီး တညတာချုပ်နှောင်စစ်ဆေးကာ ပြန်လွတ်လာပြီးနောက် နောက်တနေ့ မနက်အရောက်မှာ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဦးဇော်လွင်ကို စဖမ်းတာက ဇွန်လ ၄ ရက်နေ့ညနေက ၅ရက်နေ့ နေ့လယ်လောက်မှာ ပြန်လွှတ်ပေးတယ် ၆ ရက်နေ့မနက်ရောက်တော့ ပြန်ဖမ်းတာပဲ အဲဒီမနက်က သူ့ကို ရဲစခန်းက ခေါ်တယ်လို့ ​ပြောတယ် ဘာနဲ့ခေါ်တာလည်းတော့မသိဘူး နေ့လယ်လောက်ရောက်တော့ ဦးဇော်လွင်ကို ပြန်ဖမ်းထားတယ်ဆိုပြီး ကြားရတော့တာပဲ ပြည်က ဒကစ ဆီကိုခေါ်သွားတယ်ပြောတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

ဥပဒေမဲ့ဖမ်းဆီးမှုတွေ ရှိနေတဲ့အပြင် ဖမ်ဆီးခံရပြီး ၂၄နာရီ မပြည့်ခင်မှာပင် သေဆုံးတာတွေရှိနေတဲ့အတွက် တိမ်းရှောင်နေကြရသူအများအပြားရှိနေတယ်လို့ ဆိုပါတယ်။

“ဘယ်သူနဲ့မှ စကားမပြောရဲဘူး ကြည့်နေရတယ် ဟိုလူဆွဲ ဒီလူဆွဲနဲ့ ကြားရသလောက်လည်း ရှောင်နေကြသူတွေ များလာတယ် သူတို့လက်ထဲရောက်ရင် မလွယ်ဘူးလေ “လို့ မြို့ခံတဦးကပြောပါတယ်။

အသက် ၆၀ အရွယ် ဦးဇော်လွင်ကို ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာကို မသိရပဲ လက်ရှိမှာ မိသားစုနဲ့ တွေ့ခွင့်မရတာကြောင့် သူရဲ့ကျန်းမာရေးအတွက်လည်း စိုးရိမ်တယ်လို့ သူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိူင်လဆန်းလောက်ကလည်း စစ်ကောင်စီက ပြန်လွှတ်ခဲ့သူ ပေါင်းတည်မြို့သားတဦးကို ပြန်လည်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ကာ ထောင်၂ နှစ်ချမှတ်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။