မြေစွန်းတော်ရွာကို စစ်တပ်ကမီးရှို့ပြီးစစ်ကြောင်းထိုးလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရ

ရေစကြို၊ မတ် ၂၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာကနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၂ ရက်ဒီမနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ခလရ ၂၅၈ တပ်က အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီမနက် ၉ နာရီလောက်မှာ ရွာကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“အခုဘယ်လောက်ထိ မီးလောင်ကုန်တယ် ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ အဲ့ဒီအနားမှာ စစ်ကြောင်းကရှိသေးတော့ ကျနော်တို့ကပ်လို့မရသေးဘူး။ မြေစွန်းတော်ကျေးရွာက အိမ်ခြေ ၄၀၀ လောက်ရှိတယ်။”လို့ ရေစကြိုမြို့ ဒေသခံတဦးက ပြောပါတယ်။

ဒီညနေပိုင်းအထိ စစ်ကောင်စီစစ်ကြောင်းဟာ မြေစွန်းတော်ကျေးရွာအနီးမှာရှိနေကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ခုလိုစစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ရွာ၊ ရွှေလှံရွာ၊ မာလကာခြံရွာ၊ ဆင်ခြေယာရွာ၊ ဇရပ်နီရွာ တို့က ဒေသခံ ၁ သောင်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။