myaelatt athan

Sharing Information to the Local

မြင်းခြံမှာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကဗုံးကြဲလို့ နေအိမ်တချို့မီးလောင်နေ

မြင်းခြံ၊ မတ် ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ မတ် ၁ ရက်မနက်ကနေ ညနေပိုင်းထိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပတယ်။

မနက် ၅ နာရီကစတင်ကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့သံချပ်ကာကား ၄ စီးအပါ စစ်သားနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၁၀၀ ဝန်းကျင်ကို ကျောက်ပြုတ် – တူးရွင်းဘိုကျေးရွာအကြား၊ မြင်းခြံမြို့နဲ့ ကုက္ကဲကျေးရွာအကြား စတဲ့နေရာ ၂ ခုမှာတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ခဲ့ကြတာ ဆိုပါတယ်။

“တမြန်နေ့ကတည်းက စစ်ကြောင်းထိုးနေတာ။ မနေ့ကစစ်ကြောင်းထိုးလာတဲ့အချိန်မှာတော့ မြင်းခြံဘက်ကလာတဲ့ အဖွဲ့ကိုတိုက်လိုက်တာရှိတယ်။ လမ်းကနေဖြတ်တိုက်တာမှာ သံချပ်ကာကား ၁ စီးကတော့ စုတ်ပြတ်သတ်သွားတယ်။ ထိခိုက်သူတွေကို ဒါဘယ်ကပ်နဲ့တင်သွားတယ်။ သူတို့အဆုတ် ကျနော်တို့ရဲဘော်တွေခဏနားတဲ့အချိန်မှာ သူတို့ကားတွေနဲ့ တရကြမ်းပြန်ဝင်လာချိန် တိုက်ပွဲထပ်ဖြစ်ပြီး လေယာဉ်နဲ့ပါဗုံးကြဲသွားတာ”လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ဒဏ်ရာရသူများပြားနိုင်ပြီး လေကြောင်းနဲ့ ဗုံးကြဲချိန် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အဖွဲ့ဝင် ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်ပြုတ်နဲ့ တူရွင်းဘိုကျေးရွာကြားရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အယောင်ဆောင်ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ် ၁ ခုကို စစ်ကောင်စီအဖွဲ့ဝင်တွေဘက်က သိမ်းဆည်းဖျက်ဆီးသွားပေမယ့် ဆုံးရှုံးမှုတော့မရှိခဲ့ဘူးလို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

မတ် ၂ ရက် ဒီနေ့လယ် ၁၂ နာရီကျော်ခန့်မှာတော့ ကျောက်ပြုတ်ကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံး ၂ လုံးကြဲချခဲ့တဲ့အတွက် နေအိမ်တွေမီးလောင်နေပြီး စစ်ကောင်စီစစ်ကြောင်းက ရွာအနီးမှာရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ကျောက်ပြုတ်၊ တူးရွင်းဘို၊ ဓူဝံ၊ ကျောက်ဖြူကန်အပါအဝင် ကျေးရွာ ၆ ရွာခန့်က ဒေသခံ ၇,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့လို့ အိမ်ခြေရာချီမီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။