myaelatt athan

Sharing Information to the Local

ရခိုင်စစ်ဘေးရှောင်စခန်းမှ လူငယ် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

0
0

မြေလတ်အသံ၊ မေ ၁၇၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ၊ ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် လူငယ် ၃ ဦးကို မေလ ၁၆ ရက် မနေ့ကညနေပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးမှာ ပုဏ္ဏားကျွန်းမြို့မှ ညနေ ၄ နာရီအချိန်ခန့်တွင် ရသေ့တောင်မြို့သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်းတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသော လူငယ်တဦး၏ မိသားစုဝင်တဦးက ပြောသည်။

“သူတို့ကိစ္စရှိတယ်ဆိုပြီးတော့ မနေ့က ၁၂ နာရီလောက်မှာ ပုဏ္ဏားကျွန်းကို ဆိုင်ကယ်နဲ့သွားခဲ့တယ်။ ဆိုင်ကယ်တစ်စီးမှာ လူသုံးယောက်စီးလို့ပေါ့။ ၄ နာရီလောက်မှာတော့ ကျွန်တော့်ညီက ဖုန်းဆက်လာတယ်။ အစ်ကိုကြီး ကျွန်တော်တို့ကို ဖမ်းသွားပြီလို့။ စကားက အဲဒီတစ်ခွန်းပဲပြောလိုက်ရတယ်။ အခုချိန်ထိ လုံးဝအဆက်အသွယ်မရသေးဘူး။ ဘာကြောင့်ဖမ်းသွားလည်း မသိရဘူး၊”ဟု ပြောသည်။

ဖမ်းဆီးခံရသူမှာ မောင်နေထွန်းဦး ၁၇ နှစ်၊ မောင်အောင်မျိုးခန့် ၁၆ နှစ်နှင့် မောင်ခိုင်မျိုးလင်း ၁၇ နှစ်တို့ဖြစ်သည်။ မောင်နေထွန်းဦးမှာ နွားလားကျော်ကျေးရွာမှ ဖြစ်ပြီး၊ မောင်အောင်မျိုးခန့်မှာ စေတီပြင်ကျေးရွာ ဇာတိဖြစ်ကာ မောင်ခိုင်မျိုးလင်းမှာ ကျောက်တန်းကျေးရွာဇာတိဖြစ်သည်ဟု သိရသည်။

၎င်းတို့မှာ မိဘများနှင့်အတူ ရသေ့တောင်မြို့နယ်ရှိ ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသူများ ဖြစ်ကြသည်ဟု သိရသည်။ အဆိုပါ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ၃ ဂိတ်ရှိသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။