myaelatt athan

Sharing Information to the Local

ယောဒေသမှာ စုစုစည်းစည်းတိုက်ပွဲဝင်နိုင်ဖို့ ဒေသတွင်းတပ်တချို့ ယောတပ်တော်မှာ စုပေါင်း

0
0

မကွေး၊ မတ် ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ယောဒေသမှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် စုစုစည်းစည်းတိုက်ပွဲဝင်နိုင်ဖို့ ဒေသအခြေစိုက်တပ်တချို့ ယောတပ်တော်-YAမှာ ပေါင်းစည်းလိုက်ကြတယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယောဒေသမှာ လောင်းရှည်၊ ကျောက်ထု၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ ကျော စတဲ့ဒေသတွေ ပါဝင်ပါတယ်။

ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPDFဟာ မတ် ၁ ရက်နေ့မှာ တပ်ဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

လက်တွေ့ကျတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ရာမှာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPDFအမည်နဲ့ ဆက်လက်ရပ်တည်ဖို့ မလိုအပ်တော့တာကြောင့် တပ်ဖွဲ့ကို ဖျက်သိမ်းလိုက်တာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ စုစည်းမှုနဲ့ ယောတပ်တော်-YAမှာ ပေါင်းစည်း တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ခေါင်းစဥ်တခုအောက်မှာပဲ တခြားသောအဖွဲ့အစည်းတွေရောပါဝင်တဲ့ ပုံစံအသစ်နဲ့သွားနိုင်ဖို့ ပြင်ဆင်နေတာလေးတွေရှိပါတယ်၊ တတပ်ထဲ သွားမှာပေါ့၊ ကျန်တဲ့နာမည်တွေ အကုန်လုံးဖျောက်ခဲ့လိုက်ပေါ့၊ မူလနာမည်တွေ ဖျက်သိမ်းပြီးတော့မှ ဘတ်တံဆိပ်တွေကအစ Logoအလံတွေကအစ အမည်နာမကစလို့ အသစ်ပုံသဏ္ဌာန်မျိုး သွားမှာဖြစ်တယ်ပေါ့လေ။”လို့ YPDFရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဥက္ကဌ ရဲဘော်ယောလေးက တပ်ဖွဲ့ဖျက်သိမ်းကြောင်းမကြေညာခင် မြေလတ်အသံနဲ့ အင်တာဗျူးတခုမှာ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ဂန့်ဂေါခရိုင် တပ်ရင်း ၁၂၊ People Defense Force – Gangaw Battalion(Yaw Region)တပ်ဖွဲ့မှာရှိတဲ့ တပ်ဖွဲ့ဝင် အများစုဟာ တပ်ရင်းကနေ နှုတ်ထွက်ပြီး ယောတပ်တော်-YA မှာ ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ မေလမှာ People Defense Force- Gangaw Battalion(Yaw Region)ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ဧပြီလမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းတိုင်း တပ်မဟာ ၇ ရဲ့ တပ်ရင်း ၇၀၁ အဖြစ် ပြောင်းလဲတာဝန်ထမ်းခဲ့ကာ ၂၀၂၂ စက်တင်ဘာလမှာတော့ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁၂ အဖြစ် ဆက်လက် တာဝန်ထမ်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ဒီဇင်ဘာလမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို တပ်ရင်းပြန်အပ်ခဲ့ပေမယ့် ခွင့်ပြုချက်မရတာကြောင့် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ရေးဗိုလ်၊ တပ်ထောက်၊ ဘဏ္ဍရေးတာဝန်ခံ၊ တပ်ခွဲ ၄ ခုက တပ်ခွဲမှူး၊ တပ်စုမှူး၊ ဒုတပ်စုမှူး၊ တပ်စိတ်မှူး၊ ဒုတပ်စိတ်မှူးနဲ့ ရဲဘော်တွေ နှုတ်ထွက်ခဲ့ပြီး ယောတပ်တော်မှာ ဆက်လက်တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ယောတပ်တော်-YAရဲ့ တာဝန်ရှိသူတဦးကတော့ အခုလို တပ်ဖွဲ့တွေ ပေါင်းစည်းတာဟာ အဓိကအချက်အနေနဲ့ ယောဒေသမှာ စုစုစည်းစည်း တိုက်ပွဲဝင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“နွေဦးတော်လှန်ရေး ၄ နှစ်ကာလမှာ ကျနော်တို့ ပြောင်းလဲလာတဲ့ဟာ တခုရှိပါတယ်၊ အဓိကက ဖက်ဒရယ်ပေါ့၊ အစက မခံချင်စိတ်သီးသန့်နဲ့ တိုက်ပွဲဝင်ခဲ့ကြပေမယ့် တဖြည်းြဖြည်းနဲ့ ယောဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တန်းတူညီမျှ ပါဝင်ခွင့်ရှိတဲ့ တိုင်းရင်းသားဖြစ်တယ်ဆိုတာရယ်၊ ကျနော်တို့ရဲ့ တော်လှန်ရေးကို ပိုပြီးထိထိရောက်ရောက် ပြင်းပြတဲ့ စိတ်ဆန္ဒ အတွေးအခေါ် တပ်ဆင်နိုင်ဖို့ ဒေသတွင်းအင်အားစုတွေ ပိုစုစည်းနိုင်ဖို့ ကျနော်တို့ရဲ့ identity ဖြစ်တဲ့ ယောကို စွဲကိုင် တိုက်ပွဲဝင်ဖို့ပါ။”လို့ ပြောပါတယ်။

ယောတပ်တော်-YAဟာ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေအပြင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေလည်း ဖော်ဆောင်နေကာ ၂၀၂၄ ဇွန်လမှာ စတင်ခဲ့တဲ့ မတူပီမြို့သိမ်း တိုက်ပွဲမှာလည်း အာရက္ခတပ်တော် AA ၊ ချင်းညီ‌နောင်ကာကွယ်ရေးတပ်တွေ၊ ယောကာကွယ်ရေးတပ်-YDFအပြင် တခြား မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။