myaelatt athan

Sharing Information to the Local

အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းက ရေစကြို၊ ဇရပ်နီရွာကို မီးရှို့နေ

ရေစကြို၊ မတ် ၅၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၅ ရက် ဒီမနက်ပိုင်းမှာမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နဲ့ ခလရ ၂၅၈ တို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ပါစစ်ကြောင်းက ဇရပ်နီရွာထဲကိုဝင်လာချိန် ကျေးရွာကင်းအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲလိုရယ်တော့ မဟုတ်ဘူး။ ရွာမှာ ကင်းစောင့်တဲ့ကင်းသမားတွေကို စစ်တပ်ကစပစ်တာ။ ရွာမှာ လုံခြုံရေးအတွက်ဆိုပြီး ဖွဲ့ထားတဲ့ကင်းသမားတွေရှိတယ်။ ပစ်ခတ်မှုကမကြာဘူး၊ ခဏပဲ၊ ၅ မိနစ် ၁၀ မိနစ်လောက်ပါပဲ။ အစကတော့ အပြန်အလှန်ပစ်တာ၊ အခုတော့ စစ်ကောင်စီဘက်က ရွာထဲ သေနက်ပစ်ဝင်ပြီး မီးရှို့တာ။” လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။

ဇရပ်နီကျေးရွာမှာ အိမ်ခြေ ၃၅၀ နဲ့ လူဦးရေ ၁,၃၇၅ ဦးရှိပြီး ဒီနေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတဲ့အတွက် ပျက်စီးဆုံးရှုံးတဲ့အိမ်ခြေအတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

“အခုလောလောစယ်တော့ နေအိမ် ၈ လုံးလောက် ဆုံးရှံးသွားပြီ။ ထိခိုက်မှုတော့ ၁ ဦးရှိတယ်၊ အမျိုးသား ၁ ဦးပါ၊ အသက်ကတော့ ၄၇ နှစ်လောက်ရှိမယ်။ ရွာကပြည်သူတွေကတော့ ဘေးပတ်ဝန်းကျင်ရွာတွေကို သွားရှောင်နေရတယ်။ အခုလည်း စစ်တပ်က မီးရှို့နေတုန်းပါ၊ ဆုံရှုံးမှုတော့ တော်တော်လေးများတယ်။” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ကျေးရွာကထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်းအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြေစွန်းတော်ရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ခုလိုစစ်ကောင်စီဘက်က စစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ရွာ၊ ရွှေလှံရွာ၊ မာလကာခြံရွာ၊ ဆင်ခြေယာရွာ၊ ဇရပ်နီရွာ တို့က ဒေသခံ ၁ သောင်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။