MBT တပ်ဖွဲ့ဌာနချုပ်စခန်း မီးရှို့ဖျက်ဆီးခံရ

0 1
0 1

ရေစကြို၊ မတ် ၆၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသအခြေစိုက် မြင်းခြံခရိုင် တပ်ရင်း ၉၊ Myingyan Black Tiger – MBT တပ်ဖွဲ့ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မတ် ၅ ရက်မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပြီး နောက်မှာ ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စီးနင်းမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့မှာ ခဲယမ်းပြတ်လပ်တာကြောင့် MBT တပ်ဖွဲ့ဌာနချုပ်စခန်းကို ယာယီဆုတ်ခွာပေးခဲ့ရတယ်။ MBT တပ်ဖွဲ့ဌာချုပ်စခန်းကတော့ ရန်သူ့(စစ်ကောင်စီ)လက်ထဲ ပါသွားခဲ့ရတယ်။” လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး MBT ဌာနချုပ်စခန်း မီးရှို့ခံရတဲ့အတွက်လည်း ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“မနေ့ကတိုက်ပွဲမှာတင် စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေတယ်။ ကျနော်တို့ ဌာနချုပ်ထဲမှာ ထောင်ထားတဲ့ နင်းမိုင်းတွေ၊ တိုက်မိုင်းတွေ၊ ရှေ့ထွက်မိုင်းတွေမိပြီး ဒီကောင်တွေသေကြတာ။ MBT ဌာနချုပ်စခန်းကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးသွားပါတယ်။ ထုတ်လုပ်ရေး ယန္တရားတွေအပါအဝင် လက်နက်ကြီးတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ ဆုံးရှုံးသွားတယ်။”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ပြီး ခမရ ၂၅၈၊ ခမရ ၂၅၆၊ ခမရ ၂၅၇ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မတ် ၅ ရက်အထိ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီရက်တွေအတွင်း မြေစွန်းရွာ၊ မင်္ဂလာခြံရွာ၊ ရွာသစ်ရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

“မြေစွန်းရွာ၊ မင်္ဂလာခြံရွာ၊ ရွာသစ်ရွာကို မီးရှို့ကြတယ်။ ဘုန်းတော်ကြီး ၁ ပါးအပါအဝင် ပြည်သူတွေကို သတ်ဖြတ်ခဲ့တာလည်း ရှိတယ်။”လို့ Myingyan Black Tiger – MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒေသခံသတ်ဖြတ်ခံရတာတွေရှိတယ်လို့သိရပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၂၀၀ ကျော်နဲ့ ရေလယ်ကျွန်းဒေသမှာပဲရှိနေသေးတာကြောင့် ဒီဖြစ်စဉ်တွေနဲ့ပက်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။