myaelatt athan

Sharing Information to the Local

ခလရ ၂၅၈ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေနတ် ၁ လက်နဲ့ ဘက်ပြောင်းခိုလှုံ

ရေစကြို၊ မတ် ၇၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေနတ် ၁ လက်ယူပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ အသက် ၂၃ နှစ်အရွယ်ရဲရင့်အောင်ဆိုသူဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီး မတ် ၅ ရက်နေ့ ည ၉ နာရီအချိန်မှာ တာဝန်ကျနေတဲ့ ခလရ ၂၅၈ တပ်ကနေ လက်နက်ယူကာ ထွက်ပြေးလာတာလို့ သိရပါတယ်။

“သူ့ကို ၂၀၂၄ နိုဝင်ဘာလလောက်မှာ ဖမ်းဆီးခံခဲ့ရတာ။ အဲ့ဒီကတဲ့ကနေ သူ့ကို စစ်မှုထမ်းဖို့ သင်တန်းပို့လိုက်တာ သူက ဟိုပုံးမှာ သင်တန်း ၈ ပတ်အကြာ တက်ခဲ့ရတယ်။ ပြီးခဲ့တဲ့ လထဲမှာ ရေစကြို ခလရ ၂၅၈ တပ်ကိုရောက်တာပါ”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူရဲရင့်အောင်ဟာ စစ်ကိုင်းနယ်ထဲကဖြစ်ကာ စစ်ကိုင်းတံတားပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ၊ မှတ်ပုံတင်သိမ်းဆည်းတာခံရပြီး စစ်မှုထမ်းခဲ့ရတာလို့ သိရပါတယ်။

ရဲရင့်အောင်ထွက်ပြေးလာချိန်မှာ MA 1 ၁ လက်ပါယူဆောင်လာနိုင်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်အနေနဲ့ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်အဖွဲ့ဆီကို စစ်မှုထမ်းဥပ‌ဒေနဲ့အဖမ်းဆီးခံရပြီး တာဝန်ကျရာတပ်တွေကနေ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနဲ့ ဖမ်းဆီးရမိသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။