ပေါက်ခေါင်း၊ မေ ၃၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က မေ ၂၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါက်ခေါင်းမြို့ပေါ်ကနေ သိုက်ချောင်းကျေးရွာကို စစ်ကား ၃ စီးနဲ့စစ်ကြောင်းထိုးလာပြီးနောက် မနက် ၈ နာရီကျော်မှာ ကွမ်းအုံစု၊ အိုက်စောက်နဲ့ နေ့လယ် ၁ နာရီကျော်မှာ မြေနီကုန်း၊ သဖန်းကိုင်း စတဲ့ကျေးရွာတွေကို မီးရှို့ခဲ့တာလို့ဆိုပါတယ်။
“အဲ့ရွာတွေက ဘယ်နှစ်အိမ်လောက် မီးလောင်လဲဆိုတာတော့ မသိရသေးဘူး။ မနက်မိုးလင်းကတည်းက လက်နက်ကြီး၊ လက်နက်ငယ်များစွာအသံကို ညနေထိကြားနေခဲ့ရတယ်။ စစ်ကြောင်းက ကား ၃ စီးဆိုတော့ အင်အား ၆၀၊ ၇၀ လောက်ရှိမယ်”လို့ မြေပြင် အခြေအနေကိုသိရှိထားတဲ့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။
မီးရှို့ခံရတဲ့ကျေးရွာတွေဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ရွာတွေဖြစ်ပြီး တရွာနဲ့ တရွာဟာ လယ်ကွင်းပြင်တခုစီသာ ကွာခြားတယ်လို့သိရပါတယ်။
မီးရှို့တဲ့စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ကျည်၊ လက်နက်၊ လူအင်အား မလုံလောက်တာကြောင့် တန်ပြန်စစ်မျက်နှာမဖွင့်နိုင်ဘဲ တပ်တွေပြန်ဆုတ်ခဲ့ရတယ်လို့ဆိုပါ တယ်။
“သူတို့(စကစ)မှာ Jammer တပ်ထားတဲ့ ကားတွေပါတယ်လို့ပြောတယ်။ မိုင်းကွင်းထဲရောက်တာတောင် ကာကွယ်ရေးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်လို့မရဘူးလို့သိရတယ်။ အနီးအနား တပ်ရင်းတွေတော့လာပေမယ့် Gun အင်အား ၁၀ လက်လောက်နဲ့ တူမီးသေနတ်တွေပဲပါတယ်ပြောတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မေ ၃၀ ရက်ဒီကနေ့အချိန်ထိ သဖန်းကိုင်းကျေးရွာအနီး ပတ်ဝန်းကျင်မှာ တပ်စွဲရှိနေသေးတာကြောင့် သိုက်ချောင်း၊ အိုင်စောက်၊ ကွမ်းအုံစု၊ သဖန်းကိုင်း၊ မြေနီကုန်း၊ ဓားသွေးကျောက်စတဲ့ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေ ၂၆ ရက်ကလည်း အင်အား ၆၀ ကျော်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့၀င်တွေက တိုက်ပွဲမဖြစ်ဘဲ သိုက်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စာတည်း – လင်း