myaelatt athan

Sharing Information to the Local

စိုးမိုးနယ်မြေတွေအတွက် CDM မီးသတ်ဝန်ထမ်းတွေပါဝင်တဲ့ မီးသတ်ဦးစီးဌာနဖွဲ့စည်း

0
0

မြေလတ်အသံ၊ ဧပြီ ၂၄၊ ၂၀၂၂။

မြန်မာနိုင်ငံမှာ စစ်တပ်က မဲမသာမှု အကြောင်းပြချက်နဲ့ ‌၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု( CDM) မှာ နိုင်ငံ့ဝန်းထမ်းတွေ ပါဝင်လာခဲ့ကြပြီး မီးသတ်ဦးစီးဌာန ဝန်ထမ်းတွေလည်း CDM မှာပါဝင်လာခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၁ အောက်တိုဘာ ၁၃ရက်မှာ မီးသတ် CDM ဝန်ထမ်းတွေ ပေါင်းပြီး မြေပြင်အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပါဝင်ကူညီနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ကြပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ NUG အစိုးရရဲ့ စိုးမိုးနယ်မြေတွေနဲ့ ထိန်းချုပ်နယ်မြေတချို့မှာ စစ်ကောင်စီရဲ့ လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားမှာ အစားထိုးဝင်ရောက်ဖို့ အတွက် ကိုယ်စားပြုကော်မတီကို မီးသတ်ဦးစီးဌာနအဖြစ် NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး
ဦးလွင်ကိုလတ်က ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

” လစ်လပ်သွားသော အုပ်ချူပ်ရေး ယန္တရားဆိုတာက စစ်ကောင်စီက လက်ရှိမှာ အုပ်ချူပ်ရေး နဲ့ပတ်သက်တဲ့ ယန္တရားကို ဘာမှမတည်ဆောက်နိုင်တော့ပဲ အစစအရာရာ လဲပြိုနေပြီ၊ အဲ့ဒီ နေရာတွေကို အစားထိုးနိုင်ရန်အတွက် စိုးမိုးနယ်မြေ ထိန်းချူပ်နယ်မြေတွေမှာ မီးဘေးလုံးခြုံရေး ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိူးပြု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဋ္ဌာနကိုဖွဲ့စည်းလိုက်တာပါ” လို့ ယခင်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

အရင် မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီအနေနဲ့လည်း မီးဘေးနဲ့ ပတ်သတ်ပြီး လုပ်ငန်းအချို့ကို လုပ်ဆောင်ခဲ့တာတွေ ရှိပြီး လက်ရှိမီးသတ်ဦးစီးဌာနအနေနဲ့ လည်း ပိုကောင်းတဲ့ အစီစဥ်တွေကို ဆက်ပြီးလုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

” ကိုယ်စားပြုကော်မတီ အနေနဲ့ CDM မီးသတ်ဝန်ထမ်းတွေကို စုစည်းနိုင်ခဲ့ပြီး လိုအပ်တဲ့အကူအညီအထောက်အပံ့ တွေကို ပေးနိုင်ခဲ့ပါတယ် CDM code တွေကိုလည်း ထုတ်ပေးနိုင်ခဲ့ပြီး ကရင်နီဒေသဘက်မှာတော့ စကစက ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့ စစ်ဘေးရှောင်စခန်းအနီးရှိ မီးလောင်ကျွမ်းမှုများအား ငြိမ်းသတ်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

လိုအပ်တဲ့ မီးသတ်အခြေခံလက်စွဲ၊ ကြားကာလမီးသတ်လက်စွဲကိုလည်း ရေးသားပေးခဲ့သလို မီးလောင်မှူစာရင်းတွေကိုလည်း ထုတ်ပြန်နိုင်ခဲ့ပြီး သတင်းအချက်အလက်တွေကို စုစည်းထားခဲ့တယ်လို့ သိရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက စစ်ကိုင်းတိုင်း မကွေးတိုင်း ၊ ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ကျေးရွာတွေကို မီးရှို့တာတွေ ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ CDM မီးသတ်ဝန်ထမ်းပေါင်း ၁၀၀၀ နီးပါးနဲ့ မီးသတ်ဦးစီးဌာနကို ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ကာ ဒါဟာ စုစည်းနိုင်တဲ့ အရေအတွက်သာ ဖြစ်ပြီး ဝန်ထမ်းအရေအတွက် ဒီထက်များနိုင်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။