myaelatt athan

Sharing Information to the Local

CDM ကျောင်းသားတွေကို အသိအမှတ်ပြုနိုင်မဲ့ ID တွေထုတ်ပေးသွားဖို့စီစဥ်

0
0

မြေလတ်အသံ၊ ဧပြီ ၂၂၊ ၂၀၂၂။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေကိုမတက်ပဲ CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေအနေနဲ့ Student CDM ID လျှောက်လွှာတွေကို စတင် တင်နိုင်နေပြီလို့ သိရပြီး၊ အဲ့ဒီကျောင်းသားတွေကို Student CDM ID တွေ ထုတ်ပေးသွားမယ်လို့ အခြေခံကျောင်းသားများရေးရာအဖွဲ့ချုပ် ဆီက သိရပါတယ်။

ခုလိုလုပ်ဆောင်တာဟာ CDM နဲ့ Non – CDM ကွဲပြားစေဖို့အပြင် မျှော်လင့်ချက်မဲ့၊ ဖိအားများလာတဲ့ CDM ကျောင်းသားတွေရဲ့ အခွင့်အရေးတွေကိုလည်း တတ်နိုင်သလောက်ဖော်ဆောင်ပေးဖို့ဖြစ်တယ်လို့ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်မှ ဗဟိုဥက္ကဌ ကိုကောင်းခန့်ကျော်က မြေလတ်အသံကို ပြောပါတယ်။

“ အခုချိန်မှာ Non CDMတွေက ကျောင်းတွေတက်ပြပြီး နိုင်ငံတော် ပုန်ကန်သူတွေကို အားပေးလို့ ရှက်ကြောက်နေရမယ့်အစား ဂုဏ်ဆာလာကြပါတယ်၊ CDM ကျောင်းသားတွေအတွက်ကလည်း ဘယ်အဖွဲ့အစည်းကမှ ပေါ်လွင်အောင် လုပ်ပေးနေတဲ့ လုပ်ဆောင်ချက်ကိုလဲ မရှိတာမဟုတ်ပေမယ့် သိပ်မတွေ့ရပါဘူး၊ ကျနော်တို့ ID ကို ထုတ်ပေးမယ့် အစီစဉ်ကို စလုပ်ဖြစ်ခဲ့တာက ပထမအချက် မျှော်လင့်ချက်မဲ့လာပြီး ဖိအားတွေများလာတဲ့ CDMကျောင်းသားတွေကို အားပေးဂုဏ်ပြုသောအားဖြင့် အဖွဲ့ချုပ်အနေနဲ့ အခွင့်အရေးကို တက်နိုင်တဲ့ဘက်က ဖော်ဆောင်ပေးနိုင်ဖို့နဲ့ CDM, Non CDM ကွဲပြားစေဖို့ပါ။ “ လို့ သူကပြောပါတယ်။

ဒီ Student CDM ID ဟာ CDM နဲ့ Non – CDMကြား ကွဲပြားတဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီကို အာဏာဖီဆန်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ သူရဲကောင်းတွေအဖြစ် သတ်သေခံဂုဏ်ပြုတဲ့ သဘောဖြစ်တယ်လို့လည်း ကိုကောင်းခန့်ကျော်က ရှင်းပြပါတယ်။

“ CDM ID ဟာ ကိုယ်သည် နိုင်ငံတော်အတွက် ကိုယ်ကျိုးမကြည့်ဘဲ စွန့်လွှတ်ခဲ့သူဆိုတာကို တစ်ထောင့်တစ်နေရာကနေ ထောက်ခံပေးနေတာပါဘဲ။ ကျနော်တို့တွေ အဖွဲ့အစည်းတစ်ခုကို လှူဒါန်းရင်တောင် ဂုဏ်ပြုလွှာရမြဲပါ။ ကျနော်တို့ CDM ကျောင်းသားတွေရဲ့ အနစ်နာခံမှုအတွက်ကို အနာဂတ်နိုင်ငံတော်မှာ သူတို့ဟာ သာလွန်တဲ့အခွင့်အရေးတွေရရှိကို ရရှိရမှာပါ။ “ လို့ သူကပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအလွန်မှာ အစိုးရနဲ့ညှိနှိုင်းပြီး CDM ID ရရှိတဲ့ ကျောင်းသားတွေကို အဖွဲ့ချုပ်ဘက်က ထောက်ခံပေးတဲ့ နည်းလမ်းအပါအ၀င် တက်နိုင်တဲ့နည်းပေါင်းစုံနဲ့ ကြိုးစားပေးသွားမှာဖြစ်သလို ပြည်ပ ပညာတော်သင့်ခွင့်တွေရှိခဲ့ရင်လည်း CDM ကျောင်းသားတွေကို ဦးစားပေးခံရဖို့ အဓိကရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

ဒီလုပ်ငန်းစဥ်ဟာ ရေရှည်လုပ်ငန်းစဥ်ဖြစ်တာကြောင့် တော်လှန်ရေးမှာ လက်နက်ကိုင်နေတဲ့ ရဲဘော်တွေ၊ အကျဥ်ချခံထားရတဲ့ ကျောင်းသားတွေနဲ့ လက်လှမ်းမမှီတဲ့ဒေသက ကျောင်သားတွေအတွက်လည်း တော်လှန်ရေးကာလအလွန်မှာ ဖြည့်နိင်ဖို့အတွက် လုပ်ဆောင်သွားဖို့ရှိနေပါတယ်။

“မြောင်၊ စစ်ကိုင်း၊ ကယားပြည်နယ်တို့လိုဘက်တွေမှာ အင်တာနက်နဲ့အလှမ်းဝေးတယ်ဆိုရင် ခုကာလမှာ ကျနော်တို့ချိတ်နိုင်တဲ့ အဖွဲ့တွေကိုလှမ်းချိတ်တယ်၊ နောက်ပိုင်းမှာဆိုရင်လည်း နယ်မြေစိုးမိုးနိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး နယ်မြေအတွင်း အချက်အလက်ကောက်ခံတာမျိုး၊ အင်တာနက် ရှားပါးတဲ့ဒေသတွေမှာဆိုရင် တာဝန်ခံပြီးကောက်ပေးတဲ့ သဘောမျိုးကိုတော့ ကျနော်တို့ ဦးတည်ထားပါတယ်၊ “ လို့ ကိုကောင်းခန့်ကျော်က ဆိုပါတယ်။

အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်ကဦးဆောင်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကစပြီး Grade – 8 ( သင်ရိုးဟောင်း ၇ တန်း ) ကနေ Grade – 11 ( သင်ရိုးဟောင်း တက္ကသိုလ်ဝင်တန်း ) အထိ ကျောင်သားတွေအတွက် Student CDM ID လျှောက်လွှာတွေကို ပထမအသုတ်အနေနဲ့ စတင်ထုတ်ပြန်ခဲ့ပြီး၊ လက်ရှိအချိန်မှာ အဖွဲ့ချုပ် CDM ID စိစစ်ရေးဘက်ကနေ ID Code တွေထုတ်လုပ်ပေးနိုင်ရေးအတွက် ဆောင်လျှက်ရှိတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။