စစ်ကိုင်းမှာ စစ်ကြောင်းထိုးမီးရှို့နေလို့ နေအိမ် ၁၈ လုံး ပြာကျ

စစ်ကိုင်း၊ မေ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာကို စစ်အုပ်စုက မေ ၂၇ ရက်မနက် ၁၀ နာရီကျော်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၈ လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အိမ်ခြေ ၂၀၀ ခန့် ရှိတဲ့ ကင်းရွာကို အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တွေက မီးရှို့ခဲ့တာလို့ဆိုပါတယ်။

“စစ်ကြောင်းမှာက ပြည်သူ့စစ်တွေများတယ်ဗျ။ ဒီအတိုင်းစစ်ကြောင်းထိုးလာပြီးတော့ကို မီးရှို့သွားတာဗျ။ ပြည်သူတွေကတော့ ထွက်ပြေးတာမြန်ကြလို့ အဖမ်းခံရတာမရှိခဲ့ဘူး”လို့ မင်းကွန်းဒေသခံ အမျိုးသားတဦးကပြောပါတယ်။

လူနေအိမ်တွေကို မီးရှို့တဲ့စစ်ကြောင်းဟာ မီးရှို့ပြီးနောက် ကင်းရွာနဲ့ရွာနီးစပ် မင်းကွန်းတိုက်နယ်ကိုဝင်ရောက်ကာ အဲဒီကနေတဆင့် စစ်ကားတွေနဲ့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ကို ဝင်ရောက်သွားခဲ့ကြတယ်လို့ Wetletinformational Network မှတာဝန်ရှိသူတဦးက ပြောပါတယ်။

လူနေအိမ်တွေ မီးရှို့ခံလိုက်ရတာကြောင့် ကင်းကျေးရွာက ဒေသခံပြည်သူတွေဟာ မေ ၂၉ ရက်ဒီကနေ့အချိန်ထိ ကျေးရွာထဲကို မဝင်ရဲကြသေးပဲ ဘေးလွတ်ရာကျေးရွာတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

၂ဝ၂၅ ဇန်နဝါရီလကုန်အထိ Data for Myanmar က ကောက်ယူစုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သား ပြည်သူ နေအိမ်ပေါင်း ၁၁၃,၁ဝ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇၆,၁၀၆ လုံး ဆုံးရှုံးခဲ့ရလို့ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။