ငဖဲမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီအထိနာလို့ လေယာဥ်ပစ်ကူခဲ့ရ

0 1
0 1

မကွေး၊ ဧပြီ ၉၊ ၂၀၂၂။

မကွေးတိုင်း အနောက်ပိုင်း ငဖဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၆ရက်က စစ်ကောင်စီက သာလွန်အင်အား သုံးပြီး စစ်ကြောင်းထိုးခဲ့ပေမယ့် အထိနာခဲ့လို့ လေယာဥ်ပစ်ကူခဲ့ရတယ်လို့ PRA မကွေး အဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ခဲ့တဲ့ ၆ရက်မှာ PDF တွေရဲ့ မိုင်းကွင်းအတွင်း ကျရောက်ခဲ့လို့ အနည်းဆုံး စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးခဲ့တဲ့ အပြင် ၈ရက်နေ့ တိုက်ပွဲမှာလည်း နောက်ထပ် ၅ဦး ‌စစ်ကောင်စီဘက်က သေဆုံးခဲ့တယ်လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

” ဧပြီလ ၇ရက်မှာ သူတို့ဘက်က ကျနော်တို့ အပေါ်မှာ အသာစီးရဖို့ အမျိုးမျိုးပေါ့ လက်နက်ကြီး လက်နက်ငယ်၊ အမြောက် ဒါတွေနဲ့ တိုက်ခိုက်တယ် လေယာဥ်တွေနဲ့ဆို အကြိမ်ကြိမ်ဝဲတယ် ၊ အဲ့နေ့မှာတော့ လေယာဥ်နဲ့ ပစ်ခတ်တာမျိုး မရှိဘူး၊ ကျနော်တို့ ကြံ့ကြံ့ခံပြီး အသာစီးရအောင် ခုခံနိုင်ခဲ့တယ်” လို့ စစ်ဦးစီးချုပ်ဟာကျူလီက ပြောပါတယ်။

ဧပြီ၇ရက်ကစပြီး စစ်ကောင်စီက စေတုတ္တရာမြို့နယ်ဘက်ကပါ ညှပ်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်လာသလို ဧပြီလ ၈ရက်မှာတော့ စစ်ကောင်စီက လေယာဥ်တွေ ပစ်ကူခဲ့စတယ်လို့ ပြောပါတယ်။

” ၈ရက်နေ့ နေ့လယ်ပိုင်းလောက်မှာကျတော့ စစ်ကောင်စီတပ်က ရဟတ်ယာဥ်တွေနဲ့ လေယာဥ်တွေနဲ့ရော ဗုံးကြဲတိုက်ခိုက်တာတွေ ရဟတ်ယာဥ်ပေါ်က ပစ်ခတ်တာတွေ လုပ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့တွေ လိမ္မာပါးနပ်စွာနဲ့ပဲ တပ်ဆုတ်လာနိုင်ခဲ့ပါတယ်” လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

PRA မကွေးအဖွဲ့အပြင် အရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီက စစ်ကြောင်း ၂ခုခွဲပြီး အပြတ်ရှင်းမဲ့သဘောနဲ့ နှစ်ဖက်ညှပ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ACDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

” ငဖဲမြို့ အနောက်ဘက် (၁၆) မိုင်ခန့် အကွာရှိ ရေယာဉ်တောင်ကြောမှာလဲ ဖြစ်တယ်၊ စေတုတ္တရာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအနောက်ဘက်မှာလဲဖစ်နေတယ်စခဘက်တော့ အပြတ်ရှင်းချင်လို့ ပိတ်ပြီးတိုက်တဲ့သဘောပေါ့၊ လက်နက်ချင်းမမျှတာရယ်၊ သာလွန်အင်အားသုံးလာတဲ့အတွက် ကျနော်တို့ဘက်က ခုခံစစ်အနေနဲ့ပဲပြန်လည်တွန်းလှန်နေပါတယ်” လို့ ACDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအကုန်ပိုင်းလောက်မှာကတည်းက ရခိုင်ပြည်နယ်ထဲက တပ်တွေနဲ့ စစ်ကားတွေ အလုံးအရင်းဝင်လာပြီး ငဖဲမြို့နယ်ထဲမှာ ပြင်ဆင်မှုတွေလုပ်နေခဲ့တာကို သတိထားမိခဲ့တာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့တာလို့
PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

” ကပစ ထဲမှာ သူတို့က ခံစစ်ပြင်ထားတာတွေ အခိုင်အမာပြင်ဆင်ထားတာတွေ တွေ့ရတယ်၊ ကပစ ရဲ့ မြောက်ဘက် မန်းဆည်နဲ့ ကပစ ကြားထဲမှာလည်း လက်နက်ကြီးတွေ ပြင်ဆင်ထားတယ်ဆိုတဲ့ ကိစ္စတွေ ကျနော်တို့ သိတယ်၊ အဲ့တာအပြင် သူတို့ လျို့ဝှက်စစ်ဆင်ရေးဖော်ဆောင်ဖို့ အတွေ့အကြုံရှိတဲ့ တိုက်ရည်ခိုက်ရည် ပြည်ဝတဲ့ တပ်တွေကို ကျနော်တို့ ရှိတယ်လို့ ယူဆတဲ့ နေရာတွေ ဘက်ကို စစ်ကြောင်း ၃ကြောင်း အင်အား ၆၀၀ နဲ့ ၇၀၀ ကြားလောက်နဲ့ ချဥ်းကပ်လာတာကို တွေ့ရပါတယ်” လို့ တိုက်ပွဲမဖြစ်ခင် ‌အခြေအနေကို ပြောပြပါတယ်။

ကြိုတင်ပြင်ဆင်မှုများနဲ့ ခုခံတိုက်ခိုက်နိုင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း အနည်းဆုံး ၂၅ဦးအထိ ကျဆုံးခဲ့လို့အထိနာခဲ့ပြီး တိုက်ပွဲအတွင်းကြားညပ်နေတဲ့ ပြည်သူတွေကိုပါ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။