myaelatt athan

Sharing Information to the Local

ထောင်တွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်ဆေးပေးဖို့ တော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ပေါင်းပြီး ICRC ကို တောင်းဆို

0
0

မြေလတ်အသံ၊ မတ် ၂၂၊ ၂၀၂၂။

အကျဥ်းထောင်အတွင်း ဖမ်းဆီးခံပြည်သူတွေကို ဥပဒေမဲ့သတ်ဖြတ်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို နိုင်ငံတကာကြက်ခြေနီအသင်း – ICRC အပါအဝင် အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဝင်ရောက်စစ်ဆေးတားဆီးပေးဖို့ တော်လှန်ရေးအင်အားစုတွေက မတ်လ ၂၁ ရက်မနေ့က ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

LGBT Alliance Myanmar အဖွဲ့အပါအဝင် အဖွဲ့အစည်း ၁၈ ခုက ပူးပေါင်း တောင်းဆိုခဲ့တာဖြစ်ပြီး၊ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေနဲ့ LGBT တွေအပေါ်မှာသာမက အမျိုးသားတွေအပေါ်မှာပါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို လုပ်ဆောင်လာတဲ့အတွက် ဒီလုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်သွားစေလိုတာကြောင့် ခုလိုတောင်းဆိုခဲ့တာလို့ LGBT Alliance Myanmar အဖွဲ့မှ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“ ဖမ်းဆီးခံရတဲ့ပြည်သူတွေကို သူတို့က အကြမ်းဖက်နှိပ်စက်တယ်၊ သတ်ဖြတ်တယ်၊ အစာရေစာလည်း ဝအောင်မကျွေးဘူး၊ ဒါမျိုးတွေလည်း ကြုံရတယ်၊ နောက်တခုက အမျိုးသမီးတွေ၊ LGBT တွေဆိုရင် သူတို့ကလိင်ပိုင်းဆိုင်ရာကို ပိုပြီးအကြမ်းဖက်တယ်၊ ခုနောက်ပိုင်းဆို ယောင်္ကျားလေးတွေကိုလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်လာတယ်၊ ဒါက အပြင်မှာတင်မဟုတ်ပဲ ထောင်ထဲမှာတောင် အကြမ်းဖက်နှိပ်စက်တာတွေဖြစ်တဲ့အတွက် ကျနော်တို့က ICRC ကို စစ်ဆေးပေးဖို့ တောင်းဆိုရခြင်းဖြစ်တယ်၊ “ လို့ သူက ပြောပါတယ်။

ခုလို တောင်းဆိုရာမှာလည်း တဦး၊ တဖွဲ့တည်းက တောင်းဆိုရင် ထိရောက်မှုမရှိတာကြောင့် အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းတောင်းဆိုရတာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း ပါဝင်တောင်းဆိုပေးဖို့ LGBT Alliance Myanmar အဖွဲ့မှ တာဝန်ရှိသူကဆက်ပြောပါတယ်။

“ ဒီလိုတောင်းဆိုတဲ့နေရာမှာလည်း ကျနော်တို့တဦးတဖွဲ့ထဲတောင်းဆိုလို့မရပါဘူး၊ ပြည်သူတွေအားလုံး သပိတ်အင်အားစုတွေ၊ တော်လှန်အင်အားစုတွေအားလုံးပါဝင်မှသာ ဒီတောင်းဆိုမှုကြီးက အရှေ့ရောက်မှာဖြစ်ပါတယ်၊ နောက်ထပ်ကျနော်တို့ ဘာတွေဆက်လုပ်သွားမလဲဆိုရင် လက်မှတ်ထိုး ကမ်ပိန်းလည်း ရှိတယ်၊ လက်မှတ်ရေ ၂သိန်းပြည့်ဖို့ အတွက် ကြိုးစားသွားမှာဖြစ်တယ်၊ ပြည်သူတွေအနေနဲ့လည်း အဲ့ဒီလက်မှတ်ထိုးကမ်ပိန်းမှာ အစွမ်းကုန်ပါဝင်ပေးစေချင်ပါတယ်၊ “ လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက ဒေသခံပြည်သူတွေကိုဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေသာမက ဖမ်းဆီးခံထားရသူတွေကိုလည်း အကျဥ်းသားဥပဒေတွေချိုးဖောက်ပြီး မထင်ရင်မထင်သလို ရိုက်နှပ်သတ်ဖြတ်တာတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကိုပါ လုပ်ဆောင်နေတာပါ။

ဒီလိုအခွင့်ရေးချိုးဖောက်မှုတွေနဲ့ပက်သက်ပြိး ICRC အနေနဲ့ ထောင်အတွင်းဝင်ရောက်စစ်ဆေးပေးပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီလုပ်ဆောင်ပေးဖို့ မကွေးလူထုတိုက်ပွဲကော်မတီကတာဝန်ရှိသူ ကိုချစ်ဝင်းမောင် ကလည်း ခုလိုပြောပါတယ်။

“ ကျနော်တို့ကိုယ်တိုင်လည်း ဖမ်းဆီးအကြမ်းဖက်ခံထားရသူဖြစ်တော့ အကျဥ်းထောင်ထဲမှာဆိုရင် လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အကျဥ်းသားအခွင့်ရေးဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်၊ ICRC ကိုကျနော်တို့ပြောချင်တာက ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒီလိုမျိုးအကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုတွေကို သူတို့ရဲ့လုပ်ထုံးလုပ်နည်းနဲ့အတူဝင်ရောက် စစ်ဆေးပြီး ဆောင်ရွက်နိုင်တာရှိရင် ဆောင်ရွက်ပေးဖို့ ကျနော်တို့ ပြောချင်တာဖြစ်တယ်၊ “ လို့ သူက ပြောပါတယ်။

မန္တလေးအကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ လူငယ်တွေကိုလည်း စအိုအတွင်း ဝါးလုံးထိုးသွင်းနှိပ်စက်တာတွေအပြင် အခြားသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တွေကိုပါလုပ်ဆောင်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။