myaelatt athan

Sharing Information to the Local

ဒလန်အထင်နဲ့ သတ်ခံလိုက်ရတဲ့ မိဘတွေအတွက် အုတ်ဂူတည်ပေးဖို့ PDF ရဲဘော် တောင်းဆို

0
0

စစ်ကိုင်း၊ မတ် ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့က ဒလန်ရှင်းလင်းရေးအဖွဲ့တွေ သတ်လိုက်တဲ့ လင်မယားနှစ်ဦးဟာ National Revolutionary Guards PDF – NRG PDF က ရဲဘော်တဦးရဲ့ မိဘတွေဖြစ်ကြောင်း မနေ့က NRG PDF က ထုတ်ပြန်လိုက်ပါတယ်။

ဒလန်ရှင်းလင်းရေး အဖွဲ့တွေက သတ်လိုက်တဲ့ လင်မယား၂ဦးဟာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ချင်းတွင်းမြစ်ကမ်းဘေးမှာ နေထိုင်ကာ၊ အမျိုးသားက စက်လှေမောင်းပြီး အမျိုးသမီးက ကွမ်းယာဆိုင်နဲ့ အရက်ဆိုင် ဖွင့်ထားသူတွေ ဖြစ်တယ်လို့ NRG PDF ခေါင်းဆောင် ဗိုလ်မော်ကွန်းက ပြောပါတယ်။

“ရဲစခန်းနဲ့နီးတော့ အရက်ဆိုင်ဆိုတော့လည်း စကစတွေက အရက်လာ၀ယ်တာတွေရှိမှာပေါ့ဗျာ မရောင်းရင်လည်းရန်ရှာခံရမည်စိုးတော့ ရောင်းရတာလဲ ရှိမှာပေါ့” လို့ ဗိုလ်မော်ကွန်းက ပြောပါတယ်။

အသက် ၃၀ ဝန်းကျင် ဦးနိုင်မိုးနဲ့ အသက် ၄၀ အရွယ် ဒေါ်မာမာဦးတို့ ၂ ဦးကို သုတ်သင်ဖို့အတွက် အထောက်အထားခိုင်လုံအောင် စောင့်ဆိုင်းခဲ့ရပြီး ကွမ်းယာဆိုင် အနီးမှာ သတ်ခဲ့တာဖြစ်တယ်လို့ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းအဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က မြေလတ်အသံကို ‌ဖြေဆိုထားပါတယ်။

“နိုင်မိုးနဲ့မာဦးတို့ လင်မယားကို ညောင်ပင်ကြီးလှေဆိပ်က သူတို့ရဲ့ကွမ်းယာဆိုင်မှာ နေ့လည်ခင်းလောက်မှာ သေနတ်နဲ့ပစ်ခဲ့တာပါ ” လို့ ဖြေဆိုထားတာပါ။

သတ်ခံလိုက်ရတဲ့ လင်မယား ၂ ဦးမှာ NRG PDF က ရဲဘော်တဦးရဲ့ အမေနဲ့ ပထွေးဖြစ်ပြီး ဒေသခံအဖွဲ့တွေက အကြောင်းပြချက် မခိုင်လုံလို့ ဒလံရှင်းလင်းရေးအဖွဲ့တွေကို တားမြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ဒေသခံအဖွဲ့ကတော့ မခိုင်လုံလို့တားမြစ်ခဲ့တာ ၂ ကြိမ်ရှိတယ်လို့သိရပါတယ်။ ခုသတ်သွားချိန်မှာတော့ သူတို့ကိုအသိမပေးဘဲ လုပ်သွားတယ်လို့‌သိရပါတယ်” လို့ NRG PDF ခေါင်းဆောင် ဗိုလ်မော်ကွန်းက ပြောပါတယ်။

တွေ့ရာသင်္ချိုင်းဓားမဆိုင်း အဖွဲ့ကလည်း တော်လှန်ရေးအရှိန်ပြင်းနေတဲ့ ကာလမှာ မည်သူကိုမဆို ရှင်းလင်းရမှာဖြစ်ပြီး စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ အထောက်အထားတွေ လက်ဝယ်ထားရှိတယ်လို့ ဆိုပါတယ်။

“လက်မ မကောင်းလက်မဖြတ် ခြေမ မကောင်းခြေမဖြတ်ပဲဗျ။ ဟုတ်ကဲ့ကျွန်တော်တို့ စာထဲမှာရေးထားတဲ့အတိုင်းပဲ အထောက်အထားတွေ လက်ဝယ်ထားရှိပါတယ်” လို့ တွေ့ရာသင်္ချိုင်းဓားမဆိုင်း အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒလန်ရှင်းလင်းအဖွဲ့များအနေနဲ့ အကြိမ်ကြိမ်အတည်ပြုပြီးမှသာ ဒေသခံအဖွဲ့တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သင့်သလို လုပ်ဆောင်ချက်တွေမှားယွင်းတဲ့ အခါ ပြည်သူတွေ နစ်နာရတယ်လို့ NRG PDF ခေါင်းဆောင်က ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ တခြားသော ညီနောင်အဖွဲ့တွေကို ပြောချင်တာကတော့ ဘာပဲလုပ်လုပ် ပြည်သူကပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်တဲ့အတွက် ပြည်သူက အားကိုးရကျိုးနပ်အောင် ပြည်သူ့မျက်နှာကို ကြည့်ကြပါလို့ ဒလန်ရှင်းလင်းရေးအဖွဲ့တွေအနေနဲ့လည်း သတင်းပေးသူရဲ့စကားအပြင် ဖန်တရာတေအောင် စုံစမ်းဖော်ထုတ်ပြီးမှ ဒေသခံအဖွဲ့နဲ့တိုင်ပင် လုပ်ဆောင်ကြပါလို့ မေတ္တာနဲ့ပြောချင်ပါတယ်” လို့ ဗိုလ်မော်ကွန်းက ပြောပါတယ်။

အမေနဲ့ ပထွေးဖြစ်သူအတွက် အုတ်ဂူလေးတည်ပေးစေချင်တယ်လို့ ရဲဘော်က ‌တောင်းဆိုလာလို့ စီစဥ်ပေးနေကြောင်းနဲ့ ကျူးလွန်သူတွေကိုတော့ NUG ကို ဦးတိုက်လျှောက်ထားပြီး အရေးယူပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NRG PDF ခေါင်းဆောင်ဆီက သိရပါတယ်။

“ရဲဘော်ကတော့ စိတ်မကောင်းဖြစ်နေတာပေါ့ ဒါပေမဲ့ တပ်ဖွဲ့အနေနဲ့ကလည်း ဖြေသိမ့်နိုင်ရေး နှစ်သိမ့်ပေးကာဖြောင်းဖျပြောဆိုနေရတာပေါ့ဗျာ။ အမှန်တရားအတွက် သက်ဆိုင်ရာ ပြည်သူ့ခုံရုံးကနေ ဖြေရှင်းမှာပါ” လို့ ဗိုလ်မော်ကွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က အဲ့ဒီလင်မယား ၂ ဦးအပြင် ဆာလင်းကြီး မြို့နယ်မှာ တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့က Myanmar ချီဂွေဗားရားအဖွဲ့ ၊ Salingyi People Force တို့နဲ့ ၃ ဖွဲ့ ပူးပေါင်းပြီး၊ နောက်ထပ် အမျိုးသမီး ၁ ဦးအပါ စုစုပေါင်း ဒလန် ၃ ဦးကို ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။