myaelatt athan

Sharing Information to the Local

နတ်မောက်မြို့က PDF စခန်းတခုကို စစ်အုပ်စုကဝင်စီးခဲ့ပြီး ရဲဘော် ၂ ဦးဖမ်းဆီးခံရ

0
0

မ‌‌ကွေး၊ မတ် ၁၉၊ ၂၀၂၂။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းက PDF စခန်းတခုကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် မနက် ၉နာရီလောက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီစခန်းကို ရွာမွန်ပင်မ စစ်လက်နက်သိုလှောင်ရေးတပ်စခန်းက စစ်သား ၃၀ လောက်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး၊ စခန်းက PDF ရဲဘော် ၂ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ နတ်မောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရာ‌ကျော်က ပြောပါတယ်။

“ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းဝင်ဆီးမှာကိုသိလို့ ရှောင်ဖို့ရှားဖို့နေရာတခုကြိုထားခဲ့ပါတယ်၊ ရဲဘော် ၂ ဦးဟာ မထင်မှတ်တဲ့နေရာကနေဝင်လာတော့ ရဲဘော် ၂ ယောက်ကကျန်နေခဲ့တယ်၊ ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော် ၂ ဦးကတော့ တယောက်ကတော့ ဂျီတီအိုင် ဒုတိယနှစ်ကျောင်းသား မောင်ဆောင်းဦးလင်း နဲ့ ဟန်လွင်ဦးပါ၊ “ လို့ သူကပြောပါတယ်။

စခန်းတွင်းဝင်စီးတဲ့ အချိန်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ၃ ချက်လောက် ပစ်ခဲ့ပြီး၊ လေကြောင်းစစ်ကူတွေလည်း ရောက်လာတယ်လို့ ဗိုလ်ရာကျော်က ဆက်ပြောပါတယ်။

“ ကျနော်တို့အဖွဲ့တွေလူစုကွဲသွားတော့ သူတို့အဖွဲ့တွေက လက်နက်ကြီးတွေနဲ့လှမ်းပစ်ပါတယ်၊ ၂ ချက် ၃ ချက်လောက်လှမ်းပစ်ပါတယ်၊ ခဏနေတော့ သူတို့လေယာဉ် ၂ စီးလာတယ်၊ ကျနော်တို့အဖွဲ့တွေ လူခွဲပြေးတော့သူတို့ပစ်မှတ်ပျောက်နေပုံရတယ်၊ လေယာဉ်ပေါ်ကနေတော့ပစ်မသွားဘူး၊ ‌လေယာဉ်၂ စီးလုံး နောက်ပြန်လှည့်သွားတယ်၊ ‘ လို့ သူကပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်မှာလည်း ဖမ်းဆီးထားတဲ့ ရဲဘော် ၂ ဦး လွတ်ပြီဆိုပြီး လွဲမှားတဲ့ အချက်အလက်တွေပေးကာ အခြား PDF ရဲဘော်တွေကို ထောင်ဖမ်းဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

“ သူတို့အဖမ်းခံရပြီးနောက်မှာ သူတို့လွတ်တယ် သူတို့ကိုလာခေါ်ပါဆိုပြီး ကျနော်တို့ PDFတွေကို စစ်တပ်က ထောင်ဖမ်းတာတွေလုပ်နေတယ်၊ ပထမ တခေါက်မှာ သူတို့ကိုနေရာတခုချိန်းလိုက်တယ်၊ ကျနော်တို့ဘက်ကလည်း အဆင်သင့်ရှိနေပြီးသားနေရာတွေပေါ့၊ အဲဒီနေရာကို ချိန်းပြီးကင်းထောက်လုပ်တယ်၊ သူတို့ ၂ ယောက်ထဲမဟုတ်ပဲနဲ့ နောက်မှာစစ်သားတွေ ပါလာတော့ ကျနော်တို့နောက်ပြန်ပြီးတော့ဆုတ်လာခဲ့ပါတယ်၊” လို့ ဗိုလ်ရာကျော် က ဆိုပါတယ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကစလို့ ခပ်စိပ်စိပ်ဖြစ်လာပြီး၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားလျှက် ရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။