myaelatt athan

Sharing Information to the Local

မင်းတုန်းတိုက်ပွဲ နှင့်မဆိုင်သူဒေသခံပြည်သူ ၄ ဦး ကိုဖမ်းဆီးပြီး PDF များဟု စစ်ကောင်စီကပုံဖော်၊ သတင်းဖော်ပြမှုများမှားယွင်းနေဟု PDF အဖွဲ့များဆို

0
0

မကွေး၊ ဇန်နဝါရီ ၃၁၊၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဇာလီရွာအနီး ဖြစ်ပွားသွားသော တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသူ အမျိုးသမီး(၃) ဦးနှင့် အမျိုးသား(၁) ဦးတို့ကို ဖမ်းဆီးခဲ့ပြီး PDF စခန်းဝင်ရောက်စီးနင်းစဥ် ဖမ်းဆီးခဲ့သူများ အဖြစ် စစ်ကောင်စီက ပုံဖော်သတင်းလွှင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် PDF အဖွဲ့များက ဆိုသည်။

တိုက်ပွဲမှာ ငကုန်းရွာနှင့် ယင်းကောက်ကျေးရွာ ကြား ဇာလီရွာအနီးတွင် ဇန်နဝါရီလ ၂၉ ရက်နေ့၊ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပွဲအပြီး စစ်ကောင်စီတပ်သားများ ဆုတ်ခွါစဥ် ရွာအနီးစိုက်ခင်းများရှိ ဒေသခံသားအမိနှစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး၊ မင်းတုန်းမြို့သို့အရောက် စစ်ဆေးမှုများပြုလုပ်ကာ မင်းတုန်းမြို့ပေါ်မှာ လင်မယားနှစ်ဦးကို ထပ်မံဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“ဖြစ်စဥ်မှာ အဖမ်းခံရတဲ့ သားအမိနှစ်ယောက်က သတင်းတွေမှာ ပျံ့နေသလိုမျိုး PDF တွေမဟုတ်ဘူး။ မိုင်စိုးကေသွယ်အောင်နဲ့ သူရဲ့မိခင်ပေါ့။ သူတို့က ပထမအဖမ်းဆီးခံရတာ ဖြစ်တယ်။ သူတို့နှစ်ယောက်အဖမ်းဆီးခံရပြီးတော့ ဒီမင်းတုန်းပြန်ရောက်တဲ့အချိန် သူတို့ကိုစစ်ဆေးပြီးတော့ ညနေ ၅ နာရီဝန်းကျင်မှာ မင်းတုန်းမှာနေတဲ့ မိုင်ဝင့်သီတာထွန်းဆိုတာနဲ့ သူရဲ့အမျိုးသားကထပ်အဖမ်းခံရတယ်။ PDF စခန်းကဖမ်းလာတာမဟုတ်ပဲနဲ့ သူတို့မီးရှို့လိုက်တဲ့ ဇာလီရွာကပါ။” ဟု ဒေသခံတဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားရာမှာ ဇာလီရွာ၊ တောအတွင်းစိုက်ခင်းများအနီးတွင်ဖြစ်ခြင်းဖြစ်ပြီး ဒေသခံများမှာ စိုက်ခင်းများတွင် တဲထိုးနေထိုင်ခြင်းဖြစ်ကြောင်း တိုက်ပွဲကြောင့်ကြောက်လန့်ထွက်ပြေးခဲ့ရကြောင်း ဆိုသည်။

“တယောက်က ဒဏ်ရာရတယ်။ တယောက်က သတင်းအဆက်သွယ်မရဘူး ကျဆုံးတာလား မသိဘူး ကျဆုံးလို့တော့ခန့်မှန်းထားတယ်။ သတင်းမှာပျံ့နေသလို လေးယောက်ကျတာမဟုတ်ဘူး။ တယောက်ပဲကျတာမျိုးဒါကိုလည်း အတည်ပြုနေတုန်းပဲ။ ဒေသခံ ၂ ဦးသတ်ခံရတယ်ဆို အတည်ပြုလို့မရဘူး။ ရွာကပြောရရင် ကစဥ်ကလျားပြေးရတာ။ ရွာရဲ့ပုံစံအနေအထားက ရွာဘေးမှာ စိုက်ခင်းတွေအများကြီးရှိတယ်။ တဲတွေဆောက်ပြီးစုနေတာ ရွာနဲ့စိုက်ခင်းကနည်းနည်း လေးဖာလုံငါးဖာလုံလောက်ဝေးတဲ့နေရာမှာ တဲတတဲ ဒီစိုက်ခင်းပေါ့ အဲ့လိုနေကြတော့ တိုက်ပွဲဖြစ်တယ်ကြားတာနဲ့ အကုန်လုံးရှောင်နေတာ။” ဟု Mindon People Revolution Force အဖွဲ့နှင့် နီးစပ်သူက ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေကဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ သတင်းများတွင်ဖော်ပြထားသလို အမျိုးသမီး(၂) ဦး၊ PDF (၂) ဦး ကျဆုံး သတင်းမဟုတ်ဘဲ၊ ဇန်နဝါရီလ ၃၁ ရက်နေ့နံနက်ခင်းအတည်ပြုချက်များအရ PDF (၁) ဦးသာကျဆုံးပြီး၊ ၁ ဦးပျောက်ဆုံးနေကြောင်း ရွှေလင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြေလတ်ဒေသ) ကထုတ်ပြန်ထားသည်။

“စခန်းမီးရှို့ခံရတယ်ဆိုတာဟုတ်တယ်။ အဖွဲ့ထဲကတယောက်ကျတယ် တယောက်ပျောက်ဆုံးနေတယ်။ အဖွဲ့တွေကင်းလုံခြုံရာကိုရောက်နေပြီ။ သတင်းတွေမှာရေးထားသလို စခန်းကမဟုတ်ဘူး၊ အနီးနားရွာတွေကို ထောက်ပံ့တယ်ထင်ပြီးဝင်ဆွဲတဲ့သဘော။ ရွာနဲ့စခန်းနဲ့နီးနေလို့ ဝင်ဆွဲတဲ့သဘောပဲ။ ဒီရွာကလူတွေကစခန်းကိုသိလည်းမသိဘူး ထောက်ပံ့တာလည်းမရှိဘူး။ သူတို့ဘက်ကကျထားတာ တကောင်ကအကောင်ကြီးတယ်ဆိုတော့ သူတို့က ဖမ်းဆီးခံထားရသူ ပြည်သူတွေကိုမဲနေတာ။” ရွှေလင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြေလတ်ဒေသ) နှင့်ချိတ်ဆက်ထားသူမဟာမိတ်တဦးက ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှုူးတဦးပါရဲဘော်(၇) ဦးသေဆုံးပြီး၊ PDF ဘက်မှ ၁ ဦးကျဆုံးကာ ၁ ဦးပျောက်ဆုံး Mindon People Revolution Force အဖွဲ့နှင့် ရွှေလင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြေလတ်ဒေသ) တို့ပူးပေါင်းသင်တန်းစခန်းမီးရှို့ခံရမှုနှင့် ကျေးရွာနေအိမ်များမီးရှို့ခံရမှုများရှိခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။