ပေါက်ခေါင်း၊ မေ ၂၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က မေ ၂၆ ရက် ဒီနေ့မွန်းလွဲ ၁၂ နာရီကျော်မှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
ပေါက်ခေါင်းမြို့ပေါ်ကနေ စစ်ကား ၃ စီးနဲ့ သိုက်ချောင်းကျေးရွာကိုဝင်ရောက်လာပြီးနောက် နေ့လယ် ၁ နာရီကျော်မှာ နေအိမ်တွေကိုမီးရှို့နေတာလို့ဆိုပါတယ်။
“စကစတွေ ရွာထဲကနေမထွက်သေးဘူး။ မီးရှို့နေတာကို အဝေးကနေလှမ်းမြင်ရတယ်။ မီးခိုးလိပ်တွေ တော်တော်ကိုထွက်နေတာဗျ။ ရွာခံတွေကတော့ အကုန်လုံးထွက်ပြေးကြကုန်ပြီ”လို့ မြေပြင်အခြေအနေကိုသိရှိသူ အမျိုးသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်ပြီး သိုက်ချောင်းကျေးရွာကို မီးရှို့နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သူကဆက်ပြောပါတယ်။
နောက်ထပ်ပေါက်ခေါင်းဒေသခံ အမျိုးသားတဦးကလည်း ဒီနေ့ နေ့လယ် ၁ နာရီကျော်ကစတင်ကာ နေ့လယ် ၃ နာရီကျော်အထိ သိုက်ချောင်းကျေးရွာဘက်ကနေ လက်နက်ကြီးပစ်ခတ်သံ ၁၀ ကြိမ်ထက်မနည်း ကြားနေရတယ်လို့ ပြောပါတယ်။
သိုက်ချောင်းကျေးရွာကိုမီးရှို့နေတာကြောင့် သိုက်ချောင်း၊ ကွမ်းအုံစု၊ အိုင်ဇောက်၊ ဗောဓိကုန်း၊ တာကောက်၊ မြှောက်ခွေး၊ ရဲချောင်းခြားစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။
အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ သိုက်ချောင်းကျေးရွာကို ပြီးခဲ့တဲ့ဧပြီ ၃၀ ရက်ကလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝင်ရောက်မီးရှို့ခဲ့ရာ လူနေအိမ် ၇ လုံးပြာကျခဲ့ပါသေးတယ်။
အလားတူ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်မှာလည်း သိုင်းချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၂၃ ရက်မှာတော့ သိုက်ချောင်းရွာကိုမီးဝင်ရှို့ခဲ့ရာ လူနေအိမ် ၆ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M