myaelatt athan

Sharing Information to the Local

သပြေညွန့် စစ်ကောင်စီတပ်စခန်း KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

■ တိုက်ပွဲကြောင့် ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ

သံတောင်ကြီး၊ မတ် ၉၊ ၂၀၂၅။

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

မတ် ၇ ရက် မနက် ၁ နာရီခန့်ကစတင်ပြီး အင်အား ၇၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ မတ် ၈ ရက် မနက် ၁၁ နာရီခန့်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွါးနေစဉ် စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ၊ Y12၊ Mi 35 စတာတွေနဲ့ လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး သပြေညွန့်နဲ့ ကျောက်ကြီးပေါက်ရွာတွေဘက်ကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီးမှာလည်း ညနေ ၃ နာရီအထိ သပြေညွန့်ကျေးရွာဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာတော့ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေကတော့ သပြေညွန့်ရွာကိုရသွားပြီ။ ထိခိုက်သေဆုံးတော့ တိတိကျကျ မသိရသေးဘူး။ စခန်းသိမ်းနိုင်တာက အတည်ပြုနိုင်တယ်။ အသေးစိတ်ကတော့ KNLA ဘက်က သတင်းထုတ်ပြန်လိမ့်မယ်။“လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် သံတောင်မြို့နယ်ထဲက သပြေညွန့်ရွာ၊ ထန်းတပင်မြို့နယ်ထဲက ဒလအိုင်၊ ဂွအိုင်၊ အင်းမကြီးကုန်း၊ ရွှေချောင်းကုန်း၊ ကျောက်ကြီးပေါက်၊ ကျောက်ကြီးမြို့နယ်ထဲက မကျီးတော၊ ဆင်ဆိပ်၊ ဇီးကုန်း၊ လေလံကုန်းစတဲ့ကျေးရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပုံစာ – စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးပေါက်နှင့် မကျီးတောရွာမှ ထိခိုက်ပျက်စီးမှုများ။
ပုံစာ – စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးပေါက်နှင့် မကျီးတောရွာမှ ထိခိုက်ပျက်စီးမှုများ။

တိုက်ပွဲကြောင့် ဇရပ်ကြီးမြို့ပေါ်နဲ့တောင်ငူမြို့ပေါ်ကို စစ်ဘေးရှောင်ကြမယ့် ပြည်သူတွေကို ခလရ ၇၃ တပ်နဲ့ ဇရပ်ကြီး-တောင်ငူလမ်းပိုင်းပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေက သွားရောက်ခွင့်မပြုဘဲကန့်သတ်နေလို့ ပြည်သူတွေမှာ မြို့ပေါ်တက်စစ်ဘေးရှောင်နေရသူနည်းပါးပြီး ဘေးလွတ်ရာ ကျေးရွာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

မတ် ၆ ရက် နေ့လယ် ၂ နာရီခန့်က သပြေညွန့်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ကျောက်ကြီးပေါက်ကျေးရွာနဲ့မကျီးတောကျေးရွာတို့ကို ဗုံးကြဲခဲ့ရာ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။