myaelatt athan

Sharing Information to the Local

အိုးထိမ်းတွင်းစာသင်ကျောင်းဗုံးကြဲခံရပြီးနောက် NUG လက်အောက်ရှိ ပညာရေးစာသင်ကျောင်း အားလုံးကိုယာယီရပ်နား

မြေလတ်အသံ၊ မေ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ရှိပညာရေးစာသင်ကျောင်းတွေ အားလုံးကို မေ ၂၅ ရက်ကစတင်ပြီး ယာယီရပ်နားလိုက်တယ်လို့ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အိုးထိမ်းတွင်းစာသင်ကျောင်းဗုံးကြဲခံရပြီး ၁၃ ရက်အကြာမှာ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေကြတဲ့ အခြေခံပညာ ပြည်သူ့အခြေပြု ပညာရေးကျောင်းတွေ၊ အဆင့်မြင့်ပညာကျောင်းတွေနဲ့ သက်မွေးပညာကျောင်းတွေ အားလုံးကို ရပ်နားလိုက်တာပါ။

NUG အစိုးရအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေဆောင်ရွက်နေစဉ်အတွင်း အဆိုပါ ကျောင်းအားလုံးကို ပညာရေးဝန်ကြီးဌာနမှနောက်ထပ်ထုတ်ပြန်ချက်မထုတ်ပြန်ခင်အထိ ရပ်နားလိုက်တာလို့ ဆိုပါတယ်။

ပုံစာ – မေလ ၁၂ ရက်က ဗုံးကြဲတိုက်ခိုက်ခံရသည့် ဒီပဲယင်းမြို့ နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်း။

အခုလိုပညာသင်ကျောင်းတွေကို ယာယီရပ်နားလိုက်ရတာဟာပညာရေးကဏ္ဍမှာ စစ်ကောင်စီတပ်ကို အရှုံးပေးလက်လျော့လိုက်တာမဟုတ်ဘဲ ရှေ့တိုးဖို့ခြေလှမ်းတလှမ်းဆုတ်လိုက်တာလို့ မင်းကင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ မြို့နယ်ပညာရေးဒုတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ကအကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့အခြေအနေမှာ အကောင်းဖြစ်မယ်ဘက်ကိုရွေးချယ်ရတာပါ။ အခုလိုရွေးချယ်လိုက်တာကအကောင်းဆုံးအခြေအနေတော့မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့အခြေအနေပါ။ ပြည်သူတွေလုံခြုံရေးအသိရှိဖို့။ ကလေးတွေအတွက်လုံခြုံရေးအစီအမံတခုခုလုပ်ဆောင်ပြီးမှ ကျောင်းဖွင့်မယ့်အစီအစဉ်နဲ့အခုလိုလုပ်ဆောင်တာပါ”လို့ သူကပြောပါတယ်။

ယခုအချိန်မှာ စစ်ကောင်စီတပ်ကစာသင်ကျောင်းတွေ၊ ဆေးရုံတွေစတဲ့ လူစုလူဝေး ရှိရာနေရာတွေကို လေကြောင်းကနေ နည်းလမ်းမျိုးစုံနဲ့ ဗုံးကြဲတာ၊ စက်သေနတ်တွေနဲ့ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ၊ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ကာ လူသားတွေအပေါ် စစ်ရာဇ၀တ်မှု (War crimes against humanity) ကို နေ့စဉ်ဆိုးရွားစွာ ကျူးလွန်လျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုံစာ – မေလ ၁၂ ရက်က ဗုံးကြဲတိုက်ခိုက်ခံရသည့် ဒီပဲယင်းမြို့ နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်း။

ပြီးခဲ့တဲ့မေ ၁၂ ရက်နေ့က ဒီပဲယင်းမြို့ နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာမ ၂ ဦးအပါအဝင် ကလေးငယ် ၂၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဉာဏ်လင်းသစ်သုသေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ အခုနှစ် မေ ၉ ရက်ကနေ ၁၅ ရက်အတွင်း မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူး(အရှေ့) ဒေသများအပါအဝင် ဒေသ ၁၄ ခုမှာ အရပ်သားတွေအပေါ်ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ၆၁ ခုရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၄ ဦးသေဆုံးကာ ၂၄၅ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။