myaelatt athan

Sharing Information to the Local

တောင်သာက ကျေးရွာ ၂ ရွာကို စစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီးငယ် ၁ ဦးသေဆုံး

တောင်သာ၊ မတ် ၁၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းကျေးရွာနဲ့ ဇရပ်ကြီးကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မတ် ၁၀ ရက်ညနေ ၃ နာရီကျော်မှာ အေးကြင်းကျေးရွာကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးချတိုက်ခိုက်ခဲ့ရာ ကျေးရွာဘုရားဝန်းအတွင်းရှိ ဓမ္မာရုံပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဖုန်းသုံးနေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးသေဆုံးကာ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒ့ါအပြင် မတ် ၁၁ ရက်မနက် ၁ နာရီခန့်မှာလည်း ဇရပ်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က စက်တပ်လေထီး ၃ စီးနဲ့ ဗုံး ၈ လုံးကြဲချခဲ့ရာမှာ လူထိခိုက်မရှိဘဲ နေအိမ် ၅ လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ဇရပ်ကြီးမှာက အချိန်မရှိမှလာကြဲသွားတာ။ ပါရာမိုတာနဲ့ လာကြဲသွားတာ။ တိုက်ပွဲမဖြစ်ဘူး။ စကစဘက်က လေကြောင်းကနေ လာကြဲတာပဲ။ အေးကြင်း က ညနေပိုင်းဂျက်ဖိုက်တာနဲ့ချတာ။ ဓမ္မာရုံပေါ်ကျတာ။ ဖုန်းသုံးနေသူတွေထိတာ”လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကပြောပါတယ်။

အေးကြင်းကျေးရွာနဲ့ ဇရပ်ကြီးကျေးရွာဟာ ၁၀ မိုင်ကွာဝေးပြီး ဗုံးကြဲချချိန်နေအိမ်တွေရှိ ဗုံးခိုကျင်းတွေမှာ ပုန်းအောင်နေထိုင်နေကြပြီး ကျေးရွာကနေထွက်ပြေးတိမ်းရှောင်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဇရပ်ကြီးကျေးရွာမှာ အိမ်ခြေ ၁,၄၀၀ ကျော် လူဦးရေ ၆,၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်းက ရွာထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးမီးရှို့တဲ့အတွက် နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင်အိမ်ခြေ ၁၅၀ ခန့် လူဦးရေ ၅၀၀ ရှိတဲ့ အေးကြင်းရွာမှာလည်း ခုလိုတိုက်ခိုက်ခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ်ထဲကို စစ်ကောင်စီဘက်က စက်တပ်လေထီး၊ ဂျက်ဖိုက်တာတွေနဲ့မကြာခဏ ဗုံးကြဲနေလို့ လေကြောင်းအန္တရာယ်သတိထားကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးနှိုးဆော်မှုတွေပြုလုပ်ထားပါတယ်။

မတ် ၄ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ဒေသခံ ၆ ဦးသေဆုံးပြီး နေအိမ် ၃၀ နီးပါးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဥ်သားများကူညီစောင့်ရှောက်ရေး – AAPP ရဲ့အစီရင်ခံစာအရ ၂၀၂၁ စစ်အာဏာ သိမ်းချိန်ကနေ ၂၀၂၅ မတ်လ ၁၀ ရက်ထိ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေ ကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆,၃၈၉ ဦးရှိပြီလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။