ပေါက်၊ မတ် ၁၂၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာကို စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေး ၁ ဦးဒဏ်ရာရတယ်လို့ ပေါက်မြို့နယ်ပကဖ ဒုတာဝန်ခံထံက သိရပါတယ်။
မတ် ၁၁ ရက် မနေ့ညနေ ၃ နာရီကျော်မှာ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းရွာအခြေစိုက် ကပစ ၂၂ စစ်ကောင်စီတပ်ကနေ ပျံသန်းလာတဲ့ စက်တပ်လေထီး ၂ စီးဟာ ကျေးရွာအတွင်း ဗုံး ၂ လုံးကြဲချခဲ့ရာ လူနေအိမ်တွေအကြား ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“လူနေအိမ်တွေကြား ကျတာ။ စက်တပ်လေထီးနဲ့ လာချသွားတာ။ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး။ ရွာခံတွေကတော့ ထွက်ပြေးကြတာမရှိဘူး။”လို့ ပေါက်မြို့နယ်ပကဖ ဒုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
လေကြောင်းက ဗုံးချတိုက်ခိုက်ခံရလို့ ထောက်ရှာပင်ကျေးရွာနေ အသက် ၅၃ နှစ်အရွယ် ဒေါ်တင့် သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦးဒဏ်ရာရသွားကာ နေအိမ် ၂ လုံးနဲ့ စာသင်ကျောင်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ပေါက်မြို့နယ်၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာပြုလုပ်တဲ့ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင် လေယာဉ်နဲ့ဗုံးကြဲခံရလို့ လူဆယ်နဲ့ချီ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ