myaelatt athan

Sharing Information to the Local

ညောင်ကျိုးတိုက်ပွဲက ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို ရွှေတောင်တပ်ဆေးရုံကို ပို့ဆောင်နေ

ရွှေတောင်၊ မတ် ၁၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ ညောင်ကျိုးစခန်းက ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို ရွှေတောင်မြို့နယ်ရှိ ကုတင် ၁၀၀ စစ်ဆေးရုံကိုပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရွှေတောင်မြို့ရှိ စစ်ကောင်စီတပ်ဆေးရုံမှာ ကုတင် ၁၀၀ ဆံ့ပြီး အဲဒီဆေးရုံကို မတ် ၁၂ ရက်မှာ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ကို ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

“ဖောကား ၁ စီးနဲ့ပို့တာ။ အကောင်ကြီး (အရာရှိ)တွေဆိုရင်တော့ လူနာတင်ကားနဲ့ပို့တယ်။ မနေ့ကဆိုရင် ဖောကား ၁ စီးနဲ့ ၂ ခေါက်ပို့တယ်။ တခေါက်မှာ ၂၀ ကျော်စီပါတယ်”လို့ ဥသျှစ်ပင်မြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့စစ်သားတွေကို ညောင်ကျိုးကျေးရွာရှိ လူနာတင်ကားတွေနဲ့ ဥသျှစ်ပင်မြို့နယ်၊ လဲရွာတံတားကိုပို့ဆောင်ပြီး အဲဒီတံတားကနေတဆင့် ဖောကားနဲ့ ရွှေတောင်မြို့ကုတင် ၁၀၀ ဆေးရုံကိုပို့ဆောင်တာလို့ဆိုပါတယ်။

“ညောင်ကျိုးက (ပရဟိတ)အသင်းကားကို သူတို့(စကစ)ကိုယ်တိုင်မောင်းပြီးဆင်းလာတာတွေ့တယ်။ အဲ့တာကို အရပ်ဖက်အဖွဲ့ကားတွေက ဥသျှစ်ပင် လဲရွာတံတားဂိတ်ကနေစောင့်ပြီး လူနာကို ကုတင် ၁၀၀ ပို့ပေးရတာ”လို့ အထက်ပါအမျိုးသားကပြောပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညောင်ကျိုးတိုက်ပွဲမှာ မတ် ၁၂ ရက် ဒီနေ့အထိတိုက်ပွဲပြင်းထန်နေပြီး ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကလည်း ညောင်ကျိုးကျေးရွာအလွန် ညောင်ခြေထောက်ကျေးရွာအနီးထိ ရောက်ရှိနေပြီလို့ မြေပြင်အခြေအနေကို သိရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးပြောပါတယ်။

“ညောင်ကျိုးက မကျသေးပေမယ့် ညောင်ကျိုး ဒီဘက်ထိပါ ရောက်နေတယ်ပြီ။အဲဒီနေရာက ညောင်ကျိုးနဲ့ ညောင်ခြေထောက်ကြား။ ဥသျှစ်ပင်အနီးတော့မရောက်သေး။ လက်နက်ကြီးပစ်သံတွေတော့ ကြားနေရတယ်”လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ညောင်ကျိုးကျေးရွာရှိ ပင်မ စခန်းကုန်းမှာ ရခိုင်ရိုးမပေါ်ရှိ ပန်းတောင်း-တောင်ကုတ်ကားလမ်းမပေါ်မှာတည်ရှိပြီး ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ နဲ့ ၁၀ မိုင်ခန့်ကွာဝေးပါတယ်။

ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမရှိ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မိုးထိတောင်၊ ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းတို့ကို အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။