မြောင်၊ မတ် ၁၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာက နေအိမ် ၈၀ ဝန်းကျင်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့ပြီး ပြည်သူ ၆ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့ကနေထွက်လာတဲ့ ရေစကြို ခလရ ၂၅၈ ဖူလုံတပ်နဲ့ ပခုက္ကူ တပ်မ ၁၀၁ ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းဟာ မတ် ၁၂ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြောင်မြို့နယ် ပန်းညိုကျေးရွာက နေအိမ်တွေကို မီးရှို့ပြီး ပြည်သူ ၆ ဦးကို သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။


“နေအိမ်က ၈၀ ဝန်းကျင်လောက် မီးရှို့ခံလိုက်ရတယ်။ ပြည်သူ ၆ ဦးကိုလည်း သတ်သွားတယ်။ အသတ်ခံရတာကတော့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၅ ဦးပါ။ အမည်တွေတော့ အတိအကျမရသေးဘူး။ ရုပ်တွေက မပေါ်တော့ဘူး။ ဘယ်သူဘယ်ဝါဆိုတာလည်း စုံစမ်းဆဲပါ”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် နေအိမ် ၈၀ ဝန်းကျင်မီးရှို့ခံရတဲ့ ပန်းညိုရွာက လူဦးရေ ၁,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပြီး စစ်ကောင်စီတပ်ကတော့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရွာကို ဆက်လက်စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ သိရပါတယ်။


စာတည်း – ကိုချမ်း