myaelatt athan

Sharing Information to the Local

ငလျင်ရန်ပုံငွေအတွက်ကျင်းပမယ့် ပန်းချီပြပွဲကို စစ်ကောင်စီတပ်က စီးနင်းဖမ်းဆီး

0 3
0 3

မန္တလေး၊ မေ ၂၅၊ ၂၀၂၅။

လူငယ်တွေ‌‌‌‌‌‌‌‌ဦးစီးပြုလုပ်တဲ့ မန္တလေးက ငလျင်ရန်ပုံငွေပန်းချီပြပွဲကို စစ်ကေင်စီတပ်က ဝင်စီးနင်းပြီး ပန်းချီပညာရှင်တွေကိုဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေး ၇၉ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားက လက်ဖက်ရည်ဆိုင်အပေါ်ထပ်မှာပြုလုပ်မယ့် “နမ္မတီး” ငလျင်ဒဏ်သင့် ပြည်သူများကူညီရေးပန်းချီပြပွဲ၊ ပြိုင်ပွဲနဲ့ စာအုပ်ရောင်းချပွဲအတွက်ပြင်ဆင်နေချိန် မေ ၂၂ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပြပွဲဦးဆောင်သူနဲ့ ပန်းချီဆရာတွေကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။

“ငလျင် ဘေးသင့်ပြည်သူတွေကို ယာယီအိမ်တွေဆောက်ပေးဖို့ ပြုလုပ်တဲ့ပွဲပါ။ ပထမဆုံး ဖိတ်ထားတဲ့သူတွေကို ပွဲက ခွင့်ပြုချက်မရဘူးလို့ သတင်းကြားတာ။ အဲ့ဒီကနေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆက်တိုက် အကုန်လိုက်ဖမ်းတာတဲ့။ အခု တော်တော်များများ အဖမ်းခံထားရတယ်။” လို့ ဖြစ်စဥ်ကိုသိရှိသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါပွဲကို မေ ၂၃ ရက်ကနေ ၂၈ ရက်အထိပြုလုပ်ဖို့ စီစဥ်ထားတာဖြစ်ပြီး အခုလိုစီးနင်းဖမ်းဆီးခံရတာကြောင့် ပွဲကိုဖျက်လိုက်ရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီချန်နယ်တွေမှာတော့ ဒီပြပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်အလံပုံတူပန်းချီပေါ်မှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ပုံတွေ ရေးဆွဲကြောင်းသတင်းရတဲ့အတွက် အမှတ် ၈ ရဲစခန်းကိုခေါ်ဆောင်စစ်ဆေးရာ နောက်ဆက်တွဲအကြမ်းဖက်တွေကို ဖမ်းမိတယ်ဆိုပြီး ဖော်ပြထားပါတယ်။

လက်ရှိမှာ အမျိုးသား၊ အမျိုးသမီး ၆ ဦးဝန်းကျင်လောက် အမှတ် ၈ ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့သိရပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ဒါ့အပြင် ဒီဖမ်းဆီးမှုကြောင့် မေလနောက်ဆုံးပတ်ထဲမှာပြုလုပ်ဖို့စီစဥ်ထားတဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲလည်း ရပ်နားလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။