မြိုင်၊ မေ ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းရွာကျေးရွာကို စစ်ကောင်စီတပ်က မေ ၂၄ ရက် ဒီမနက် ၇ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ အိုရင်းရွာရဲ့အရှေ့မြောက်ဘက်ရှိ လူနေအိမ်တွေပေါ် တိုက်ခိုက်ရေး လေယာဥ် ၁ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ၇၀ အရွယ်အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရခဲ့ကြတာပါ။

“ဒဏ်ရာရသူတွေက အမျိုးမတော်ဘူး။ မီးလောင်ဗုံး ၂ လုံးကြဲတာ။ အိမ်ကတော့ ၃ လုံးပျက်စီးတယ်။ ဒဏ်ရသူတွေက တယောက်တအိမ်ပေါ့နော်။အစတွေမှန်သွားကြတာ။ စိုးရိမ်စရာတော့မရှိပါ”လို့ မြိုင်ဒေသခံဖြစ်သူ မြိုင်ဒေါင်းမင်းကပြောပါတယ်။
စစ်ကောင်စီတပ်က အိုရင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပြီး ကျေးရွာနေပြည်သူတွေကတော့ ဗုံးကြဲချိန်ထွက်ပြေးခဲ့ကြပေမယ့် ဗုံးကြဲပြီးနောက် ကျေးရွာထဲကို ပြန်ဝင်လာခဲ့ကြပြီလို့ မြိုင်ဒေါင်းမင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့မေ ၂၀ ရက်ကလည်း ဗဟင်းကျေးရွာရှိ ထမင်းဆိုင်ကို ပေါင် ၃၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထမင်းဆိုင်တွင်းရှိနေတဲ့ PDF တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ထမင်းဆိုင်ရှင် သားအမိ ၂ ဦးတို့ နေရာမှာပဲသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒါ့အပြင် မေ ၁၉ ရက် ည ၈ နာရီခန့်မှာလည်း မြိုင်နယ်အရှေ့မြောက်ဘက်တောတိုက်ထဲ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ မေ ၂၃ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့အရပ်သားပြည်သူစုစုပေါင်း ၆,၇၂၁ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။
စာတည်း – လင်း