CNA ဖမ်းဆီးထားတဲ့ YDF ရဲဘော် ၂ ဦးကို တွေ့ဆုံမှုတွေပြီးရင် ပြန်လွှတ်မည်ဟုဆို

0 2
0 2

ချယ်ရီစောကျော်ငြိမ်း

မကွေး၊ ဇူလိုင် ၁၁၊ ၂၀၂၄။

မကွေးတိုင်း၊ ယောဒေသအခြေစိုက် ဂန့်ဂေါခရိုင်ယောကာကွယ်ရေးတပ် YDF အဖွဲ့က ထောက်ပို့မှူး ကိုအုပ်သိန်း၊ ရဲဘော် ကိုအောင်သက်ခိုင်တို့ ၂ ဦးကို ချင်းအမျိုးသားတပ်မတော် – CNA က ဖမ်းဆီးထားမှုအပေါ် ပြန်လည်လွှတ်ပေးဖို့တောင်းဆိုကြောင်း ဇူလိုင် ၉ ရက်မှာ YDF ဗဟိုစစ်ရုံးချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ရဲဘော် ၂ ဦးဖမ်းဆီးခံရတာကို သိရှိပြီးနောက် YDF တာဝန်ရှိသူတွေက CNA တပ်မဟာမှူးတဦးဆီကို ဖမ်းဆီးရတဲ့ကိစ္စ ချိတ်ဆက်မေးမြန်းရာ “ပြစ်မှုရှိတာမဟုတ်ဘူး၊ ပြစ်မှုတော့မရှိဘူး။ ကျနော်တို့တောင်မှ မမေးရဘူးလေ၊ ဘာမှမမေးနဲ့၊ မသိရဘူး။” လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ YDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် CNA အပါအဝင် ဘယ်လိုတော်လှန်ရေးအဖွဲ့ကိုမဆို ဘုံရန်သူကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးလက်တွဲဖော်တွေအဖြစ် သတ်မှတ်ထားပြီး ယောကာကွယ်ရေးတပ် YDF အနေနဲ့လည်း တော်လှန်ရေးဘက်တော်သားအချင်းချင်း အခုလိုအကြောင်းမဲ့ဖမ်းဆီးတဲ့ CNA ရဲ့ လုပ်ရပ်မှာ မဖြစ်သင့်တဲ့လုပ်ရပ်လို့ ယူဆထားတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ရေရှည်တော်လှန်ရေး အောင်မြင်ရေးအကျိုးကိုရှေ့ရှုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေအကြား မညီညွတ်မှုနဲ့ ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့ အကြောင်းအရင်း ခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ယောကာကွယ်ရေးတပ်ရဲဘော် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ယောကာကွယ်ရေးတပ် ဗဟိုစစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Chinland Council အတွင်းရေးမှူးဖြစ်တဲ့ Salai Paul ကတော့ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေး ဆောင်ရွက်နေချိန် ချင်းလူမျိုး လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေရှိနေပြီး အဲ့ဒီကိစ္စတွေအပေါ် ပြင်ပအဖွဲ့အစည်းဖြစ်တဲ့ YDF က ဝင်ရောက်စွက်ဖက်နေတဲ့အတွက် ယာယီ ထိန်းသိမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“အချင်းချင်းကြားမှာ ဖြစ်တဲ့ဟာတွေကို ပြင်ပကဝင်ပြီး စွက်ဖက်တာမျိုးကို ကျနော်တို့ကတော့ လုံးဝ သဘောမတူနိုင်ဘူးပေါ့။ ဥပမာ ယောတို့ စစ်ကိုင်းတို့ဖြစ်တဲ့နေရာမှာ ချင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘယ်လောက်ပဲ အင်အားရှိရှိ ဝင်စွက်ဖက်မှာမဟုတ်ဘူး။ ချင်းပြည်မှာဖြစ်ပွားနေတဲ့ Crisis (အကျပ်အတည်း)တွေမှာ YDF အနေနဲ့ တိုက်ရိုက် ဝင်စွက်ဖက်တာရှိတဲ့အတွက်ကြောင့်မို့ အဲ့ အခင်းကျင်းတွေကို သိချင်လို့ ယာယီထိန်းသိမ်းထားတဲ့ သဘောဖြစ်ပါတယ်။”လို့ ပြောပါတယ်။

YDF က တာဝန်ရှိသူတွေနဲ့လည်း ၂ ဖက်တွေ့ဆုံဖို့ ဖိတ်ခေါ်ထားပြီး တွေ့ဆုံမှုတွေပြီးတဲ့အချိန်ကျရင် ဖမ်းဆီးထားတဲ့ ရဲဘော်တွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထောက်ပို့မှူး ကိုအုပ်သိန်း၊ ရဲဘော် ကိုအောင်သက်ခိုင် တို့ဟာ ဇူလိုင် ၇ ရက်နေ့လယ်ပိုင်းက ဂန့်ဂေါမြို့နယ်၊ ရောင်နက်ကျေးရွာအနီးကို တာဝန်တခုနဲ့သွားရောက်ချိန် CNA အဖွဲ့ဘက်က ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတာဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။