တောင်ငူ၊ မေ ၂၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအနီးမှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာကိုပါမီးရှို့နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
မေ ၂၂ ရက်ကစပြီး စပါးကြွယ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး မေ ၂၃ ရက်နေ့လယ်ပိုင်းကစပြီး ကျေးရွာကိုမီးရှို့ခံရတယ်လို့ ဆိုပါတယ်။


“ရွာထဲလည်းဝင်လို့မရဘူး။ ရွာလုံးကျွတ်ထွက်ပြေးလာတာရှိတယ်။ အိမ်ခြေပျက်စီးမှုလည်း များနိုင်တယ်။”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။
စစ်ဘေးရှောင်ဦးရေ ထောင်ဂဏန်းရှိနိုင်ပြီး လတ်တလောမှာထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၂၀၀ လောက်က လက်ပံခုန်ဘုန်းကြီးကျောင်းနဲ့ ရွှေဟင်္သာဘုရားတွေမှာ နေထိုင်နေကြရပြီး ကျန်စစ်ဘေးရှောင်တွေကတော့ တခြားနေရာတွေမှာတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။



တိုက်ပွဲနဲ့ စပါးကြွယ်ရွာ မီးရှို့ခံရလို့ စပါးကြွယ်၊ ကြက်ရိုးပင်၊ ဇီးပင်သာ၊ တောပု၊ ငုံးမင်းရွာတွေက ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စပါးကြွယ်ရွာ မီးလောင်နေမှုဟာ မေ ၂၄ ရက် ဒီမနက်ပိုင်းအထိ ကျေးရွာထဲမှာ မီးခိုးလုံးတွေ မြင်နေရသေးပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“တိုက်ပွဲဖြစ်နေတာ လေယာဥ်နဲ့ပထမတရက်လာပြီးတော့ လာပစ်တယ်။ အဲ့နေ့မီးမရှို့သေးဘူး။ နောက်တရက်(မေ ၂၃) မီးစရှို့ဆိုတယ်။ ဒီမနက်တောင် မီးခိုးလုံးလှမ်းမြင်ရသေးတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ နေအိမ်ပျက်စီးမှုတွေကိုတော့ မြေလတ်အသံက ဆက်လက် စုံစမ်းနေပါတယ်။
မေ ၁၄ ရက်မှာ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုထဲက ဂုန်မင်းအိုင်ကျေးရွာကို ဝင်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက ရွာခံ လူငယ် ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း