myaelatt athan

Sharing Information to the Local

ဆားလင်းကြီးမှာ ရေကြီးလို့ ကွမ်းခြံရာချီပျက်စီး

0
0

စစ်ကိုင်း၊ ဇူလိုင် ၁၂၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ရွာပေါင်း ၃၀ ကျော် ရေဘေးကြုံနေရပြီး ကွမ်းခြံရာကျော် ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရေတအားဝသွားရင်(ရေများသွားရင်) ကွမ်းခြံက ပျက်တာပဲ။ မြုပ်တာကတော့ ခြံပေါင်းပြောမယ်ဆို ၅၀၀ ကျော် ၁,၀၀၀ လောက်တော့ မြုပ်နေတယ်။ မြစ်ကမ်နား တောက်လျှောက်တွေပေါ့။ (ဆားလင်းကြီးက) ကွမ်းခြံတော်တော် စိုက်ကြတယ်။” လို့ ဆားလင်းကြီး ဒေသခံတဦးက ပြောပါတယ်။

ကွမ်းခြံတခြံဖြစ်ပေါ်လာဖို့ ကျပ် ၁၀ သိန်းဝန်းကျင် ကုန်ကျပြီး ကွမ်းက ရေမကြိုက်တဲ့ အမျိုးအစားဖြစ်တာ ကြောင့် နွေရာသီမှာ တပတ်ကို ရေ ၂ ခါ၊ ဆောင်းရာသီဆို ၁ ခါ၊ မိုးရာသီမှာတော့ ရာသီဥတုပေါ် မူတည်ပြီး ရေသွင်းပေးရသလို ရေမများအောင် သတိထားရတယ်လို့ ကွမ်းစိုက်တောင်သူတွေဆီက သိရပါတယ်။

“ချက်ချင်းတော့ မသေသွားပေမယ့် တဖြည်းဖြည်း ပိုးလိုက်လာပြီး ပစ်လိုက်ရတာပေါ့။ ကွမ်းခြံက အသန့် ကြိုက်တယ်။ ရေကြီးတော့ သိတဲ့အတိုင်း ဝင်လာတဲ့ ရေတွေက မသန့်ဘူးလေ။ သူက ရေမကြိုက်ဘူး။ ရေနည်းလို့လည်း မရသလို များသွားလို့လည်း မရဘူး။” လို့ ကွမ်းစိုက်တောင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ဇူလိုင် ၁ ရက်ထဲက ဆားလင်းကြီးမှာ ရေဘေးကြုံနေရတာဖြစ်ပြီး အခုလက်ရှိ ပလောင်၊ ကူးတို့ကုန်း၊ လက်ပံတောင်း၊ ရွှေလှေ၊ ထန်းတောကြီး၊ ဝဲကြီး၊ ဝဲကွဲ၊ နတ်ကျွန်း၊ နတ်စက်၊ ကျောက်မျက်၊ ကံကုန်း၊ ဒုံးတော၊ ရုံးပင်ရိုး၊ အေးကုန်း၊ ထနောင်းကုန်း၊ ခွန်သာ၊ သံလျက်ကိုင်း၊ ဘောဂ၊ ညောင်ပင်ကိုင်း၊ နှောကူးတို့၊ ဆားထုံး စတဲ့ကျေးရွာတွေအပြင် မြစ်ကမ်းနားတလျှောက်က ရွာ ၃၀ ကျော် ရေနစ်မြုပ်နေတာလည်း ဖြစ်ပါတယ်။

ရေကြီးနစ်မြုပ်မှုတွေကြောင့် ရေစကြို၊ မြောင်နဲ့ ရေလည်ကျွန်းဒေသတွေက ကျေးရွာ ၁၀၀ နီးပါးမှာလည်း မတ်ပဲနဲ့ ပဲတီစိမ်းခင်း ဧကရာချီ ပျက်စီးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။