myaelatt athan

Sharing Information to the Local

ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သား ၂ ဦးကို PDF ဖမ်းမိ

ပခုက္ကူ၊ မေ ၂၃၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကထွက်လာတဲ့ ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သား ၂ ဦး တို့ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF အဖွဲ့ဆီက သိရပါတယ်။

အသက် ၃၀ ကျော် အရွယ် ရဲဒုတပ်ကြပ် သီဟအောင်၊ အသက် ၂၈ နှစ် အရွယ် ရဲတပ်သား လှဘုန်း၊ အသက် ၁၉ နှစ် အရွယ် ရဲတပ်သား စည်သူလွင် တို့ကို မေ ၁၈ ရက် နေ့လယ် ၂ နာရီလောက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“သိပ်တော့ခက်ခက်ခဲခဲမရှိပါဘူး၊ လမ်းကြောင်းတခုမှာ ကျနော်တို့က နေရာယူထားတဲ့အတွက် ထွက်လာတဲ့ကောင် ကောက်ဖမ်းလိုက်တာပါပဲ၊ ဒီဂိတ်ကထွက် ဒါတွေပဲ၊ ပြည်သူတွေတော့မဟုတ်ဘူး၊ သူတို့က ပခုက္ကူမြို့မရဲစခန်းကနေ ဘုန်းကံရွာကို ပို့ခံရတဲ့‌ရဲတွေပါ၊ ဖမ်းဆီးတဲ့အချိန် ထွက်ပြေးဖို့ သူတို့ကြိုးစားတယ်၊ ကျနော်တို့က ဝိုင်းညှပ်ဖမ်းတာမှာ သူတို့မပြေးသာဘူး”လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

သူတို့နဲ့အတူ လက်ပစ်ဗုံး ၁ လုံး၊ ငွေသား ၁ သိန်း ၉ သောင်း ၈ ထောင်နဲ့ ဖုန်း ၃ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖမ်းဆီးမှုကို Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ပြည်သူ့အားမာန် PDF YSO၊ King Cobra နဲ့ ဒေါင်းစစ်သည် တို့လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ဗိုလ်အောင်မောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်ကလည်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာကနေ ပြည်သူ ၅ ဦးကို ဖမ်းဆီးလာတဲ့ စစ်ကြောင်းကို Southern YSO PDF က ဆန်းသစ်ကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ရာထိခိုက်သေဆုံးသူတွေရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။