ဗဟင်းရွာထမင်းဆိုင် ဗုံးကြဲခံရလို့ PDF တပ်ဖွဲ့ဝင် ၄ ဦးအပါ ၆ ဦး သေဆုံး

0 21
0 21

မြေလတ်အသံ၊ မေ ၂၁ ၊ ၂၀၂၅ ။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာမှာ လေယာဉ်နဲ့ဗုံးကြဲခံရပြီး PDF တပ်ဖွဲ့ဝင် ၄ ဦး အပါ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၂၀ ရက် ညနေ ၅ နာရီခန့်မှာ ဗဟင်းကျေးရွာရှိ ထမင်းဆိုင်ကို ပေါင် ၃၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထမင်းဆိုင်တွင်းရှိနေတဲ့ PDF တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ထမင်းဆိုင်ရှင် သားအမိ ၂ ဦး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“တချို့အလောင်းတွေက တစစီဖြစ်သွားတာကြောင့် တိကျမှုတော့ မရှိဘူး။ ၁၀ ဦးထက်လည်း ကျော်နိုင်တယ်”လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။

လေယာဉ်ဗုံးကြဲခံရမှုကြောင့် ထမင်းဆိုင်အတွင်းရှိနေတဲ့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းမှ တပ်ခွဲမှူး ဇော်မြတ်၊ တပ်ဖွဲ့ဝင် မွန်း၊ ဒေးဗစ် ၊ လင်းယုန်တို့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းတာဝန်ခံက အတည်ပြုပြောပါတယ်။

“ ယင်းမပင်ခရိုင် အမှတ်၁၂တပ်ရင်း၊ တပ်ခွဲ ၃ က ရဲဘော်တွေ အစည်းဝေးတခုကိုသွားပြီးအပြန် ထမင်းဆိုင်မှာဝင်နားတဲ့အချိန်မှာ AS(လေကြောင်းတိုက်ခိုက်ခံရ) အလုပ်ခံရတယ်ပေါ့။” လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းက ပြည်သူ့လုံခြုံရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ ၎င်းရဲ့သားဖြစ်သူတို့လည်း သေဆုံးခဲ့တာကြောင့် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းရှာဖွေမရ၊ အတည်ပြုမရတာတွေကြောင့် သေဆုံးသူပိုများနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပြီး ထမင်းဆိုင်ရှင် မိသားစုဝင် ၃ ဦးအပါ ဒေသခံ ၁၀ ဦးထက်နည်း ဒဏ်ရာရရှိတယ််လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်မှတ်နေရာတွေကို တိုက်ရိုက်ကြဲချတိုက်ခိုက်တာ မဟုတ်ဘဲ အခြားမြို့နယ်တွေအပေါ်လှည့်ပတ်ပျံသန်းပြီးမှ ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူများအနေဖြင့် ပိုသတိထားသင့်တယ် ဒေသခံတဦးက ပြောပါတယ်။

“ အခုလာတဲ့လေယဉ်တွေက ချောင်းဦး၊ ဆားလင်းကြီး၊ ပုလဲ၊ ပုံတောင်၊ ထီးလင်း အဲ့ဘက်ထိအောင်သွားပြီး ပြန်လာကာမှ ခုမြိုင်ဘက်ကိုချတာ။ ဟိုမှာမချခဲ့ဘဲ မျက်လှည့်ပြပြီးချတဲ့ပုံစံ လုပ်ပြီးချတာ။”လို့ ၎င်းက ဆိုပါတယ် ။

မေ ၁၉ ရက် ည ၈ နာရီခန့်မှာလည်း မြိုင်နယ်အရှေ့မြောက်ဘက်တောတိုက်ထဲ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုသွားခဲ့တာကြောင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။