ကမ္မ၊ မေ ၁၈၊ ၂၀၂၅။
မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရှိ ဂျိုးပျံရပ်ကွက်ကို မေ ၁၈ ရက် ဒီမနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ကဗုံကြဲခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရခဲ့ပြီ အဆောက်အဦပျက်စီးမှုတွေရှိခဲ့တယ်လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း – မြိုင် ဆီကသိရပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် ဂျိုးပျံရပ်ကွက်ကဆေးခန်း ၁ ခုပေါ်ကျရောက် ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ်နဲ့ ၃၀ အရွယ်အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။


“ကြဲချတာကတော့ ဘာအကြောင်းမှမရှိဘူး။ တိုက်ပွဲဘာညာမရှိဘူး။ အစောကြီးရှိသေးတာ မိုးလင်းစပဲရှိသေးတာ။ ၂ လုံးချတာကို ပထမအလုံးပဲကွဲတာ။ ၁ လုံးက သစ်ပင်နဲ့ငြိပြီးမကွဲတာ။ ပေါင် ၅၀၀ တွေဖြစ်မယ်ဗျ။ ဗုံးသီးအစတွေက ပေ ၁ ထောင်လောက်အထိ အဝေးကြီးတွေထိလွင့်တယ်”လို့ အညာမြေအရပ်ဖက်အဖွဲအစည်းက တာဝန်ရှိသူတဦးကဆိုပါတယ်။
ဒါ့အပြင် ဗုံးစထိမှန်လို့ ဆေးခန်းလည်းပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့ဗုံးကိုတော့ ဘယ်လိုဆက်ပြီးလုပ်ဆောင်မယ်ဆိုတာမသိရဘူးလို့ သူကပြောပါတယ်။


ယခုဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာအနီးမှာယခင်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်စခန်း ၁ ခုရှိခဲ့ပေမယ့် အဲ့ဒီဂိတ်ကပြောင်းရွှေ့သွားတာကြာပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့မေ ၅ ရက်ကလည်း စစ်ကောင်စီတပ်က ကမ္မမြို့နဲ့ ၁ မိုင်ဝန်းကျင်ခန့်အကွာက စောင်ဇမ်းကုန်းရွာကိုလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။
စာတည်း – လင်း