အုတ်တွင်း၊ မေ ၁၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သာဂရကျေးရွာတောင်ကျောင်းမှာ အရက်မူးပြီးရမ်းကားတဲ့ သက်တော် ၇၀ အရွယ် ကျောင်းထိုင်ဘုန်းကြီးကို မူးယစ်ရမ်းကားမှုနဲ့ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၆ ရက်ညနေ ၅ နာရီခန့်ကတည်းက သာဂရတောင်ကျောင်းဆရာတော် သက်တော် ၇၀ ကျော်၊ ဝါတော် ၃၀ ကျော်ရှိ ဦးစန္ဒိမာဟာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားနေတာကြောင့် ရွာခံတွေက မြို့နယ်သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပြီး အဖွဲ့က သွားရောက်စစ်ဆေးပြီးနောက် လူဝတ်လဲကာ ရဲကိုဖမ်းဆီးခိုင်းလိုက်တာလို့ ဆိုပါတယ်။

“သွားစစ်ကြတဲ့အချိန်မှာ အရက်နံ့ကထွက်နေတယ်။ သူကအရက်ပြင်းလည်းချတယ်။ တနေ့က ဂရမ်းဆိုရင်အပြားအလုံး မဝယ်ပေးရင်လည်းဆဲသေးတယ်။ လူဝတ်လဲပြီး ရဲလက်အပ်ကြတယ်။ သက်သေခံဓားလည်း အပ်လိုက်ကြတယ်။ “လို့ ဒေသခံတဦးကပြောပါတယ်။
ဖမ်းဆီးမခံရခင်မှာ ဦးစန္ဒိမာဟာ ဓားကိုင်ပြီး ကြိမ်းဝါးတာတွေလည်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဓားကိုင်ပြီးတော့ လှီးမယ်ဖြတ်မယ်၊ ခုတ်မယ်ထစ်မယ်ဆိုပြီးလုပ်နေတာ။ သူကဓားကိုင်ရမ်းနေတော့ စွတ်လည်း မဝင်ရဲကြဘူး။ ကိုယ်တွေကလည်း ဓားကိုင်လို့ရတာမဟုတ်တော့ ရောက်တဲ့အချိန် ကျောင်းပေါက်နေ ခေါ်ချရတာ”လို့ ဒေသခံတဦးကပြောပါတယ်။

သူဟာ ယခင်ကတည်းက သောက်စားနေတတ်တာကို ရွာခံတွေကမြို့နယ်သာထိန်းအဖွဲ့ကို ဖုန်းဆက်တိုင်ကြားတာတွေရှိခဲ့တာကြောင့် အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် လိုက်နာတာမရှိဘဲ ဓားကိုင်ရမ်းကားတဲ့အခြေနေထိဖြစ်လာတာလို့ သိရပါတယ်။
ယခင်က သာဂရတောင်ကျောင်းမှာ သံဃာ ၅ ပါးခန့်ရှိခဲ့ပြီး ခုလိုလုပ်ရပ်တွေကို မကြာခဏလုပ်တဲ့အတွက် ဒဏ်မခံနိုင်တော့ဘဲ အခြားကျောင်းကို ပြောင်းရွှေ့ကြသလို လူထွက်ကြတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မြို့နယ်သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အုတ်တွင်းမြို့မရဲစခန်းကို အပ်လိုက်တာကြောင့် ရဲအဖွဲ့က မူးယစ်ရမ်းကားမှုနဲ့အမှုဖွင့်ကာ အချုပ်ခန်းထဲမှာထိန်းသိမ်းထားပြီး တရားစွဲဆိုဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စာတည်း – လင်း