myaelatt athan

Sharing Information to the Local

မြင်းခြံခရိုင်မှာ နေရာ ၈ ခုထက်မနည်းတိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ၉ ဦးကျဆုံး

◼ နွားထိုးကြီး၊ ဝက်လူးရဲစခန်းမှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်ကဗုံးထပ်ကြဲ

မြင်းခြံ၊ မေ ၁၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်တိုက်ခိုက်ရေးမှာပါတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

မေ ၁၅ ရက် ယမန်နေ့မနက် ၅ နာရီခန့်ကစတင်ကာ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်အနီးရှိ စစ်ကောင်စီတပ်စခန်း၊ ဆီမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာတပ်စခန်း၊ နန်းမြင့်တောင်ကြားစစ်ကောင်စီစခန်း၊ တောင်သာမြို့နယ်မှာ ထနောင်းကုန်းပျုစောထီးနဲ့ စစ်ကောင်စီတပ်စခန်း၊ နွားထိုးကြီးမြို့နယ်က ဝက်လူးရဲစခန်း၊ ထန်းဇင်မြောက်ကျေးရွာရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့်နေရာနဲ့ ငါန်းဇွန်းမြို့ပေါ်ရှိ ထွေအုပ်ရုံးတပ်စွဲနေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

” စကစဘက်ကတော့ လက်နက်ကြီးပစ်လိုက်၊ လေကြောင်းလာပစ်လိုက် လုပ်တယ်။ လေကြောင်းနဲ့က နွားထိုးကြီးအနောက်ခြမ်းကိုပစ်တယ်။ ငါန်းဇွန်းနဲ့တောင်သာကိုလည်း ပစ်တယ်။ မြင်းခြံမြို့အခြေလောက်ပဲ မပစ်တာ။” လို့ မြင်းခြံအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကျောက်ပြုတ်ရွာအလယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေကို နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ မြို့နယ်ပကဖ၊ တိုက်နယ် ၁ ကစေတန်တပ်ဖွဲ့၊ MB-9 တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦး ၊မြို့နယ်ပကဖ က ၁ ဦး ကျဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

” အကုန်လုံးရခါနီးမှာ စစ်ကူလာတဲ့ ကင်းပုန်းတွေနဲ့တွေ့ပြီး ရဲဘော်တွေအကျများလာလို့ ပြန်ဆုတ်လိုက်ရတယ်”လို့ ဖြစ်စဉ်ကိုသိရှိထားသူတဦးက ပြောပါတယ်။

အထက်ပါကျောက်ပြုတ်ရွာတိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်တွေလည်း သေဆုံးမှုများပြီး သေဆုံးရုပ်အလောင်းတွေကို နာရေးကားတွေနဲ့ မြင်းခြံမြို့ပေါ်ကို သယ်ဆောင်ခဲ့ရကာ အထိနာတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တဲ့နေရာတွေကို ယမန်နေ့ မနက် ၇ နာရီကနေ ညနေ ၅ နာရီခွဲ အထိ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကပစ်တာကတော့ ဓာတ်ငွေ့ ပိုက်လိုင်းနားပဲ ကြဲတာ။ လေယာဉ်က Mi 35၊ ဂျက်ဖိုက်တာ၊ Y 12 အစုံပဲ။ တော်တော်ကို ကြမ်းကြမ်းတမ်းတမ်းပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတယ်လီဂရမ်တွေမှာတော့ မြင်းခြံခရိုင်အတွင်းတိုက်ပွဲတွေကို PDF အင်အား ၁,၀၀၀ ခန့်ကတိုက်ခိုက်နေပြီး ဆီမီးခုံတိုက်ပွဲမှာ PDF အဖွဲ့ဝင် ၃ ဦး၊ ကျောက်ပြုတ်ရွာတိုက်ပွဲမှာ ၃ ဦးသေဆုံးတယ်လို့ ဖော်ပြထားကြပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက မေ ၁၅ ရက်တိုက်ပွဲနဲ့ပတ်သက်ပြီး လေကြောင်းကနေဗုံးကြဲခံရတာကြောင့် ၎င်းတို့တပ်ရင်းမှ တပ်ဖွဲ့ဝင် မင်းခန့်၊ ဟိန်းပြည့်သော်၊ ဇံထွန်းသန့်၊ ဝင်းနိုင်နဲ့ ကျော်ဖြိုးနိုင်အပါ ၆ ဦး ကျဆုံးခဲ့တယ်လို့ သူရဲ့ဖေ့ဘွတ်လူမှုကွန်ယက်မှာ ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြထားပါတယ်။

လက်ရှိအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် အသေးစိတ်အခြေအနေတွေပြောဆိုဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ငြင်းဆန်ထားပြီး သက်ဆိုင်ရာတပ်ရင်းတွေက ဆက်လက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းအနီး နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း လေ ကြောင်းကနေ ထပ်မံဗုံးကြဲနေတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို မြင်းခြံခရိုင်အတွင်း ဒေသကာကွယ်ရေးတပ်တွေစုပေါင်းကာ ခရိုင်အဆင့်စစ်ဆင်ရေးတရပ် ပြုလုပ်ခဲ့တာဖြစ်ကြောင်း ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက ပြောဆိုထားပြီး ယမန်နှစ် ၂၀၂၄ ဩဂုတ်လအတွင်းမှာလည်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ခရိုင်အဆင့်စစ်ဆင်ရေးတရပ်အဖြစ် တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီရဲ့တောင်သာအထည်ချုပ်စက်ရုံကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာနေရာအနီးဝန်းကျင်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး တိုက်ပွဲတွေကြောင့် စစ်ရှောင်ကျေးရွာအရေအတွက်နဲ့လူဦးရေစာရင်းကို မကောက်ယူနိုင်သေးဘူးလို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။