မြေလတ်အသံ၊ မေ ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့က မေ ၁၂ ရက် ယမန်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီက စာသင်ကျောင်းတွေကို လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် အခုလိုပိတ်သိမ်းဖို့ သတိပေးထုတ်ပြန်ခဲ့တာဖြစ်ပြီး NUG ပညာရေးဝန်ကြီးဌာန၊ မြိုင်ပညာရေးဘုတ်အဖွဲ့ လက်အောက်ကျောင်းတွေအားလုံးပါဝင်တယ်လို့ သိရပါတယ်။
“ ကျောင်းတွေပိတ်ထားရမယ်အခုနေတော့ လုံခြုံရေးအဆင်ပြေလောက်မှ ပြန်ဖွင့်ရမယ့် အနေအထားရှိတယ်။ မနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောစရာ စကားမရှိလောက်အောင်ပါပဲ” လို့ မြိုင်မြို့နယ်ကသင်ကြားရေးကျောင်းကဆရာတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို မေ ၁၂ ရက် မနက် ၉ နာရီခွဲမှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ဆောင်အတွင်းရှိ ဆရာမ ၂ ဦး ၊ကျောင်းသားကျောင်းသူ ၂၀ ဦး သေဆုံးပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီလိုစာသင်ကျောင်းတွေကို လေယာဥ်နဲ့ဗုံးကြဲချနေတာကြောင့် မြိုင်မြို့နယ်အတွင်းကကျောင်းတွေ လေကြောင်းအန္တရာယ်ရှောင်ရှားစေနိုင်ဖို့ အခုလိုသတိပေးထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
“ လူမဆန်တဲ့သူတွေကိုလူမဆန်ဘူးပြောနေလည်း အပိုပဲမို့ ဘာမှမပြောချင်တော့ပါဘူး” လို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက NUG ပညာရေးဝန်ကြီးဌာနလက်အောက် ကြားကာလစာသင်ကျောင်းတွေရဲ့ စတုတ္တမြောက်စာသင်နှစ်ကို ဧပြီလတတိယအပတ်အတွင်းက စတင်ကာ ဖွင့်လှစ်သင်ကြားပေးနတာဖြစ်ပြီး လေကြောင်းအန္တရာယ်အပေါ်မူတည်ပြီး ကျောင်းတခုနဲ့တခု ဖွင့်လှစ်တဲ့ရက်တွေ မတူကြဘူးလို့ ၎င်းက ပြောပါတယ်။
စာတည်း – ဟိန်းစံ