မြေလတ်အသံ၊ မေ ၁၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးသူတွေကို စုံစမ်းဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ပညာရေးဝန်ကြီးဌာနက ဒီကနေ့ မေ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စာသင်ကျောင်းအတွင်းက ကျောင်းသား/ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ အမိန့်ပေးသူတွေ၊ ကာယကံမြောက်ကျူးလွန်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေအားလုံးကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဘဲ ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
မေ ၁၂ ရက် မနက် ၁၀ နာရီခန့်မှာ အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် စာသင်ဆောင်အတွင်းရှိကျောင်းသား/ကျောင်းသူ ၂၀ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၃၀ ထက်မနည်း ရှိခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ထိရောက်အကျိုးရှိတဲ့ တားဆီးအရေးယူမှုတွေ ဆောင်ရွက်ကာ ကလေးငယ်တွေ လုံခြုံစွာပညာသင်ယူခွင့်နဲ့ ဘေးကင်းလုံခြုံတဲ့ကျောင်းတွေ ပေါ်ပေါက်လာရေး ပံ့ပိုးပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။